မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, January 11, 2014

လောကထဲက ကမ္ဘာ


ကဗျာဟာ ကဗျာ
အမေဟာ အမေ သိတဲ့နောက်
ဒီကဗျာအစထဲက အမေဟာ
ကဗျာပြန်ဖောက် အမြစ်တွယ်လိုက်တယ်..။

လက်တစ်ပွေ့စာ ပင်လယ်ထဲ
အသားစ ရည်ကြည်ခပ်ပါးပါး
နူးနူးညံ့ညံ့ နွေးနွေးထွေးထွေး
အောက်စီဂျင် တစ်ဝက်
အစာတစ်ဝက်
ရေတစ်ဝက်
အချင်းတိုင်တွေ ဆက်သွယ်လိုက်တဲ့အခါ
မေတ္တာတရားတွေ ၀င်လာတယ်
ဒါ အမေပေါ့…။

တစိမ်းတရံသော ဗလာရဲ့လောက
လက်နှစ်သစ်စာ သေးသေးလေးတွေ
သံယောဇဉ်အမျှင်စု ဂရုဏာကွန်ယက်
အပြုံးစိမ်းစိမ်း မျက်ဝန်းရွှင်ရွှင်ထဲ
တဖြည်းဖြည်းထွားကျိုင်း
ဝစ္စနဲ့ဝေယျ လုံးကြီးတင်လိုက်တဲ့
မြင်းမိုရ်တောင်ခါးထစ်ခွင်လိုက်တဲ့ ဒီအရပ်
မျက်လုံးမှိတ်
တခစ်ခစ် တသိမ့်သိမ့်
လောကကဗျာ……
ဒါ ဟာ အမေပေါ့…..။

တစ်ချိန်က
မီးအိမ်တစ်လုံး ဘုရားသခင်တစ်ပါး
အိမ်ပေါက်စေ့ မေတ္တာမဝေနိုင်တဲ့အခါ
အမေဆိုတာ ထားခဲ့သတဲ့…..။

ဘယ်လိုတွေးတွေး ဘယ်လိုတုတု
မီးတွင်းနေသယံဇာတ
ချိုမြိန်ဖို့ ဘယ်သူမှဆုမပေးခဲ့ဘူး…..လေ…..။

သင်တို့မြင်ဖူးစ
ခါးပတ်လည်နာကျင်မှု
အသားအသွေးတွေ ကွာကျ လျောကျ
တစ်လှမ်းတစ်ခေါက်
သုံးခေါက်ရွယ်မျက်စောင်းအပြန်ကို
ရေတစ်ပေါက်သံကပဲ ကုစားပေးခဲ့ပေါ့….။

ဟော………..
မှော်ဝင်လက်တစ်စုံနဲ့ ချီမြှောက်လိုက်ကြ
ဆေးဖက်ဝင် အမြစ်တစ်ဖုံနဲ့ ပြုစုလိုက်ကြ
ရဲရဲတောက် အနူးညံ့ဆုံးဒိုင်းအကာနဲ့ ကာကွယ်လိုက်ကြ
ခယောင်း ဆူး ဓာတ်သတ္တုတွေတောင်မှ
အမှုန့်ဖြစ်သွားမယ့်
စကြ၀ဠာအနားသပ်တွေ
ဆိုစေဆို စေ
ပြည့်တန်ဆာလည်း အမေ
ဈေးသည်မလည်း အမေ
နူနာဝဲစွဲ လည်းအမေ…..။

အမေဟာ
ယက်လိုက်ကန်လိုက် သားတွေကိုချစ်တယ်
ခုန်လိုက်ဆွလိုက် သားတွေကိုချစ်တယ်
ပြေးပြေးလွားလွား သားတွေကိုချစ်တယ်
ချုချာ နူနာ သားတွေကိုချစ်တယ်
လူ့အန္ဓဂျိုး သားတွေကိုချစ်တယ်
မပြောပဲနဲ့…။

အမေဟာ
သားရယ်သံတွေ နားဝင်သည့်အခါတိုင်း
ရာလုံးပြည့်ပန်းတွေ ပွင့်တယ်
နတ်ရေစင် ၀မ်းမှာအေးတယ်
သိဒ္ဓိအဟာရ လွန်မြောက်တတ်တယ်
မတောင်းပဲနဲ့….။

အမေဟာ
လက်တံတိုတိုလေး ဂျိုင်းသိုင်းလိုက်တဲ့အခါ
လောကဓံကို ခပ်ဟဟရယ်မောပစ်ခဲ့
သားချော့တေး ရင်တီးသံအဖွင့်မှာ
ဆူးခြုံတွေ လက်ပွေ့ပန်းအသွင်ပြောင်းခဲ့
အပြောကျယ်ပင်လယ်ထဲ ကွန်ချက်မကျင့်ခင်
ပလူမွှေးပလူတောင် ဗီဇမရင့်ခင်
ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ က အစ
မာနကို သားတစ်လုတ်စာအတွက် လဲရင်လဲတယ်
သိက္ခာကို သားအရေခြုံဖို့ ချွတ်ရင်ချွတ်တယ်
ကိုယ်ကျင့်တရားဖျက်ချ
သားအတွက် မိုးရင်မိုးတယ်
ငွေသားပြည့် ဖန်ကြွေထဲ
အစုန်မြစ်တစ်စင်း လျှိုဝင်သွားခဲ့
ဒါ ဟာ အမေ…ပဲ…ပေါ့…။

ကာလသုံးပါး အပ်ပေါက်ရာမရှိ ဖာထေးနိုင်သူ
ဘယ်သူ….
သစ္စာလေးပါး ရက်လုပ်တတ်သူ
ဘယ်သူ….
ဘယ်သူ… ဟာ ရင်ဘတ်ထည်တွေကို
အနူးညံ့ဆုံး ရက်လုပ်ကြ ရစ်ပတ်ကြ
ရင်သွေးလို့ ခေါ်တဲ့ ဘယ်သူ့… ရဲ့ဘ၀တွေကို
အမြှောင်းမြှောင်းထအောင် လမ်းပြကြ
ထိပ်ဆုံးရောက်အောင် ထမ်းပိုးကြ
ဒါကြောင့်ပဲ ဘယ်သူ့… ဘ၀တွေက
ခြေနင်းလို ပေပွ ပင်ပန်း ကြမ်းတမ်း
ဘယ်သူ…တွေကပဲ ပျော်….နေ….ကြ…။

ကမ္ဘာပျက်
လက်တစ်စုံမပျက်မသုန်းရှိတယ်
မိုးပြို
ရင်ခွင်ကျယ်နားခိုစရာရှိတယ်
ပျက်စီးခြင်းအနတ္တဟာ
ခြေဦးတောင်မလှည့်နိုင်ခဲ့ ဒီအရပ်ဟာ
ကြယ်တာရာ ခြေအစုံနဲ့
ဝင်ထွက်သလား ဓားမရှိ
ခလုပ်မထိ မသိ မငြိ
အနန္တ ပရ  ပဒေသာ  ၅၂၈ ပျိုးခင်းကြီးတစ်ခုပေါ့….။

နိဂုံးမှာ
ကဗျာဟာ ကဗျာ
အမေဟာ အမေ သိတဲ့နောက်
ကဗျာအဆုံးက အမေဟာ
ကဗျာပြန်ဖောက် သောက်သုံးလိုက်တယ်….။

နေကောင်းကင်နီ 
ဆက်ဖတ်ရန်

" ငြိမ်းချမ်းပါစေ မြန်မာပြည် "

" ငြိမ်းချမ်းပါစေ မြန်မာပြည် "

ဘယ်သူရှို့လိုက်တဲ့ မီးလဲ
အမှိုက်ကစ ပြာဿဒ် တွေထိ..။

မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် ဖန်တစ်ရာတေ ခဲ့ဖူးတယ်
ကြားရေသောက်မြစ်တွေ မြေလှန်ဖူးတယ်
ငါတို့….
သူတို့ရိုက်ချိုးခဲ့တဲ့ ခြေထောက်နဲ့ ခုနှစ်ထွေ က ကဖူးတယ်
အရေခွံစုတ်ထားတဲ့ လက်ဗလာနဲ့
အနာခံ လက်သီးလက်မောင်းတန်းခဲ့ဘူးတယ်
သူတို့ပြန်သုတ်ပေးတဲ့ အိုးမည်း နဲ့ကျမှ
မျက်နှာချင်းတွေဆိုင် မပြီးနိုင်မဆုံးနိုင် ခွပ်လိုက်ကြတာလေ…။

တစ်ပတ်ပြန်လည်လာတဲ့ မနုဿယန္တရားကြီးကို လောင်စာဖြတ်ဖို့ မေတ္တာတရားတွေ ထိုးကျွေးလိုက်ပါသေးတယ်
တဖျစ်ဖျစ်မြည်လာတဲ့ တစ်ဖက်ကမ်းနှစ်ခုကို သံယောဇဉ်နဲ့ထုံး ချည်ဆိုင်းနေတုန်းပဲ…
အို…..
ညာပေးသံတွေ ခရာတုပ်သံတွေ……
မယားတကွဲ သားတကွဲ အဖေတကွဲ အမေတကွဲ
ရင်ဘတ်ကိုမှန်တဲ့ သတ္ထုပူပူတွေကြောင့် ကွဲ……
လယ်ယာတွေခွာခွဲ အိုးအိမ်တွေခွာခွဲ
ဝုန်းခနဲ မြည်ဟည်းသံတွေကြောင့် ခွဲ…
သေကွဲ ရှင်ကွဲ တစ်ဘ၀စာအတ္တမှန်းချက်ကြောင့် ကွဲရတာပဲ…။

မယုံနဲ့…..
ရေစီးကမ်းပြိုလိုက်နေတဲ့ စေတနာက အခွံဖြစ်မယ့် ကျည်ဆံတွေ
ဘုံးဗောလအော ပေးနေတာက သားပျောက်အမေရဲ့ ငိုသံတွေ
ဖွင့်ပေးတဲ့ လမ်းတွေက သေမင်းခံတွင်းဝထိ ဖြောင့်ဖြူး တောက်လျောက်…….
ရန်သူ…………ရန်သူ………
အော်သံအောက်….
နောက်……
နောက်…….
နောက်…….
ယမ်းခိုးနဲ့ ရောသွားမယ့် ငါတို့တိုင်းရင်းသား ၀ိဥာဉ်တွေ…။

ဒီလိုနဲ့ မနက်ခင်းတွေလည်း
သွေးညှီနံ့တွေ စွန်းနေတဲ့ တောင်ခြေလေးမှာ
သွေးတစ်ပုလင်းချိတ်ဆွဲ လှဲလျောင်းငြိမ်သက်လို့…
ဖုတ်လှိုက်ဖုတ်လှိုက်လေထုထဲ အသက်လုနေတဲ့ အသက်ရှုမ၀မှုတွေ
မျက်ရည်နဲ့ ချွေးတွေထမ်း ခံတပ်ပေါ်ရုန်းကန်စီးနေတဲ့ ရေနည်းချောင်းလေးတွေ
ဖရိုဖရဲပြားပြားဝပ် ပြားပြားမှောက်နေဆဲ အရိုးပေါ်အရေတင် တဲစုလေးတွေ
ကမ္ဘာမီးမလောင်ပဲ ချနင်းထားတဲ့ မလှပတဲ့ စုတ်ချက်တွေပေါ့…
ထင်ကျန်ခဲ့….. ထင်ကျန်ဆဲ……။

ဘာဆိုဘာမှ မပြင်ဆင်နိုင်သေးခင်မှာ
အမှောင်ထုက အမှောင်ထုကို သွားရည်တမြားမြား လျှာတသိမ်းသိမ်း
အမှားက အမှားပေါ် မျက်နှာဖုံးစွပ်ပြီးရင်း စွပ်... စွပ်......
ဖြစ်နေခဲ့……..ဖြစ်နေဆဲ……။

မီးစတစ်မှုတ် ရေတစ်မှုတ်လက်တွေနဲ့ မကမ်းကြပါနဲ့
ဟိုလူလဲကျ ငါ့သား ဟိုလူလဲကျ ငါ့အဖေ
တအုန်းအုန်းကျ ဒီမြေပြင် ရင်ဘတ်နာလွန်းလှပေါ့
အပင်းဆို့သလို ထမင်းတစ်လုပ် ပြားပြားဝပ်မစားပါရစေနဲ့
ဘီလူးစီးသလို ကြက်အိပ်ကြက်နိုးညတွေထက်
မိသားစုစုံတဲ့ ခြုံစောင်နွေးနွေးလေးကို တရေးနိုးစာလောက်သာအလိုရှိပါတယ်
လိုနေခဲ့….လိုနေဆဲ….ပါလေ…။

ဘာဆိုဘာမှမမျှော်လင့်ပါဘူး
အပျက်ပျက်နဲ့ထွက်တဲ့ နှာခေါင်းသွေးလည်း ကျွန်တော်တို့ သွေး ပဲ
တစ်ရာနဲ့တစ်ကျပ် ထပ်ဖြဲခဲ့တဲ့ စုတ်ပြဲမှုလဲ ကျွန်တော်တို့ အသား ပါပဲ
လက်ဖ၀ါးနဲ့ လက်ဖမိုး ခွဲခြားနေမယ့်အစား ပူးကပ်လိုက်ရင်....
ကိုယ်ခေတ်ကို ကိုယ်ထမ်း အလင်းရောင်သန်းနေတဲ့
ဟောဒီမြန်မာပြည်ကြီးအတွက် ဟောဒီ လက်ရေး……
သံလွင်မီးတောက်အောက်က နေလောင်ချိုးငှက်အသက်ရှုသံဟာ ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး.......... ငြိမ်းချမ်းရေး………
ထိုကဗျာတစ်ပုဒ် အပြောင်မြောက်ဆုံး ပုံသွင်း
မျှော်တော်ရောင်ပတ်ပျိုးအောက် စစ်ချီသံ အာစေးမိပါစေ….ပဲ…..။ ။


နေကောင်းကင်နီ
ဆက်ဖတ်ရန်

Friday, October 18, 2013

မရေရာသေးသော ငါ အနာဂတ်တွေနဲ့ အခုတခါ ၀ါကျွတ်ပြန်ပြီ(သီးတင်းကျွတ်အတွက်အထူး)

ဘဝဇာတ်ခုံမှာ

အမျိုးမျိုးကခုန်ရင်း

တစ်ရက်တစ်ရက်နဲ့

အသက်က ရင့်ဝါလာတယ်

 လတွေကလဲ တလပြီး တလ

ပြောင်းလဲနေတယ်

ဟော့....ကြည့်

 

အခုသီတင်းကျွတ် ရောက်ပြန်ပြီ..

သေမယ့်နေက တရက် ပြီး တရက် တလ

ပိုနီးလာပြီ...

ဟူး.................................

ချစ်သူကလဲ မရှိ

လူတွေအတွက်လဲ


ခုထိငါဟာ

မြူတမှုန့်စာလောက်တောင်

လူတွေကိုအေးမြမူ မပေးနိုင်သေး ။


အရေးတော်တော်များများကို


အတွေးတော်တော်များများနဲ့

အကြွေးထားခဲ့မိတယ်

ပြန်ယူ၊ပြန်ရွေးလို့လည်းမရ။

ပြန်စလိုလဲမပေါ်...

လမ်းဘယ်မှာဆုံးမှာလဲ

မသိဘဲနဲ့ 

အကျိုးမရှိတဲ့ခြေလှမ်းတွေနဲံ့ 

လှမ်းလာခဲ့တယ်

ခုတော့

လူမိုက်၊လူညံ့ဆိုတဲ့ခေါင်းစဉ်တွေနဲ့

ဝါကျွက်ပြန်ပြီ

တနေထွက်လို တနေ၀င်ပြန်ပြီ

ခုတော

ကိုယ့်ဦးဏှောက်မှာကိုယ်တိုင်ရေးဆွဲလိုက်သော...

အသုံးမကျသော

နွေတညရဲ့

အပူမမျှတဲ့

ငါကံကြမ္မာ

အခုတော  ကိုချေ ကိုယ်တုပ် ကိုထုပ်ကိုယ်ဖြေ

နဲ့ အသက်ကြီးရပြန်ပြီပေါ။ ။

နွေည

ခံစားရေးဖွဲ့သည်။

ဆက်ဖတ်ရန်

Monday, September 23, 2013

....ချစ်သူရေးတဲ့ကဗျာ....


တကယ်ဆိုခဲ့လျင်
   အဝေးမှာနင်နဲ့ငါ
   ရှိနေခဲ့တာပါ
   မိုင်ထောင်ချီမဝေးတာ
   ငါသိခဲ့တယ်လေ
   အိပ်မရတဲ့နင့်စိတ်တွေ
   ငါ့ပုခုံးမှာမှေးမှီရင်းလေ
   ငါလေနင်နဲ့စကားတွေပြော
   ဘယ်လိုမောနိုင်မှာလည်း
   တစ်ရေးနိုးတယ်လို့တစ်ခါမရှိ
   နင်ရှိနေတာသိနေလို့ပါ...။
  
   နင့်စကားတွေ
   မုန်းနေပါစေ
   ခါးနေပါစေ
   ငါချိုမြိန်ပါရစေ
   တကယ်လို့သာ
   နင်ငါ့ကိုချစ်ခဲ့လျင်
   အလျင်နဲ့ရွေ့နေတဲ့ကမ္ဘာ
   ရပ်ဆိုင်းသွားပါစေ
   ငါလေဘယ်တော့မှမမေ့
   စိတ်ထဲမှာ
   ကမ္ဘာတည်မည့်မေတ္တာ...။

  
နာ့ချစ်သူအတွက်လဲ နာက အမြဲတမ်းကမ္ဘာတည်နေမယ့်မေတ္တာနဲ့ချစ်တယ်....
 ကမ္ဘာပျက်ပေမယ့် မပျက်သောသစ္စာမေတ္တာတွေနဲ့
 ချစ်ရသူအပေါ် ထာဝရ ချစ်သွားချင်တာဟ...
 ပြောတဲ့စကားလုံး ကြီးသွားလားတိဝူး ဒါပေမယ့် နာ့အချစ်က ဒီထက်တောင် ကြီးတေးတယ်..။

အဲတာကျနော်ချစ်သူကျနော်အတွက်ရေးတဲ့ကဗျာလေးဗျ....
ချောင်ရောက်တော့မှာမို့ဆွဲထုတ်လာတာ..အဟိဟိ..
ဆက်ဖတ်ရန်

......အသင်္ချေ.......


....အသင်္ချေ.....

 အသင်္ချေသိုခြေတလှမ်း..
မြေစမ်းခရမ်းပျိုတာကစခဲ့တာပဲ
အတိုက်အခိုက်တွေကြားက..လမ်း...
အသားငမ်းငမ်းတက်လိုချင်တာက...
ငါတို့အောင်မြင်မှု....
ရက်....လ....နှစ်.....
ရေတွက်ဖို့....
အချိန်ကတာဝန်ယူထားတယ်.....
ငါတို့တာဝန်က....
အဆုံးမရှိပန်းတိုင်....
လှမ်းကိုင်နိုင်ဖို့ပဲလိုတယ်....
ပုံပြင်ပြောရင်....ပြဇတ်ဆန်မယ်...
ရာဇ၀င်ပြောရင်.....နန်းဆန်မယ်...
ဆက်လျှောက်လို့ပြောရင်....
ရပ်နေတယ်ထင်အုံးမယ်.....
ကြွေးကြော်အုံးမယ်....ကမ္ဘာသားများ..
ငါတိုကလျှောက်ပြီးသား.......
အနာဂတ်ကလက်ထဲမှာ.....
တစ်လပြည့်တာ...နောက်တရက်တက်ဖို့...
နောက်တရက်တက်တာ...
နောက်တစ်နှစ်ပြည့်ဖို့....
အလံများစွာရွေ့......
ဘယ်အရာမှငါ့တို့လက်ကပြေးမရစေဘူး....
ထိုကတိသစ္စာ...ဒီနေရာ....
ကမ္ဘာမွေးနေ့.......ဖန်ဖန်တိုင်တည်စေ......။။။။။

နေကောင်းကင်နီ
ဆက်ဖတ်ရန်

Friday, July 5, 2013

အနာချည်တွေ တန်းထားတယ်... ရဲရဲလှန်းကြပါ


ခေါင်းစဉ်ကို ပတ်တီးနဲ့ ကျပ်စည်းထားတယ်။
ပုံမှန်လာတဲ့ သတင်းစာ ခေါင်းစီးပိုင်းမှာ စာလုံးပေါင်းအမှားကြီးက ထင်းလို့ လင်းလို့။
လူသာလာပါ.. ရင်မနာစေပါနဲ့။
စကောလောက်မှ ဇောက်မနက်တဲ့ ခေတ် သဝေထိုးကြီးက လှောင်လို့ ပြောင်လို့။
မိုးမလင်းမချင်း ထိုးနေတဲ့ လောက်တွေကြောင့် စိတ်အနာပေါက်ဟာ ဟောင်းလောင်း။
တရားသဖြင့် အသားတစ်ပေါင် ကို ကျေးဇူးပြုပြီး မတောင်းပါနဲ့လား။
လိုလိုလားလား ပေးကမ်းချက်သာ အလေးချိန်စီးတာပါ။
ပါးပါးရိတ်တာ ရိတ်ကောင်းတိုင်းရိတ်ခဲ့ပြီးပြီ။
ဒီပြောင်တလင်းခါနေတဲ့ စစ်တလင်းမှာ ဇီဇဝါတွေ ဝေအောင်သာ စိုက်ခဲ့ပါ။
ဒဏ်ရာဟာ အတိမ် အနက် မြင့်တယ်။
တစ်ချက်စာ စကားလုံး ကြမ်းကြမ်းက နုနယ်သူမှာ မြွှေဆိပ်သင့်လို့။
တွယ်ရာ တမ်းရာ ကမ်းမိ လှမ်းမိတဲ့ လက်တစ်စုံ ကျေးဇူးပြုပြီး ခပ်ကြမ်းကြမ်း မပုတ်ထုတ် လိုက်ပါနဲ့။
ကျွန်တော် ရွှေခြည် ငွေခြည် တန်းချင်လို့ပါ။
လူသားချင်းစာနာမှုက အထုပ်တွေ ဖွင့်ချလိုက်တိုင်း မသတီစရာ ယမ်းနံ့က အော့အန် ချင်စရာ။
မလိုပါဘူး။
ဒီထက် ဖောက်လုံးတွေ ချည်မျှင်တန်းလိုက်ပါ။
ဒဏ်ရာဟာ တစ်နေရာက အစာတောင်းနေတယ်။ ကျွေးစရာမရှိ။
ကိုယ်အသား ကိုယ်ပြန်လှီးရတော့မှာလား။
ငါးမျှားချိတ်မှာ ကိုယ့်ကိုယ်ကို ပြန်မျှားလိုက်တဲ့ နေ့ က ငါးကြီးကြီးတစ်ကောင် ငါးဒေါ်လာနဲ့ ပြန်ရောင်းလိုက်တယ်။
အပ်နဖားလောက် ကျယ်တဲ့ ကမ္ဘာလုံးကြီးက နေစရာမရှိ လေလွင့်ခြင်းအတိ နဲ့ ။
ကယ်ကြပါ ယူကြပါ။ ဒီအသံတွေ ကြားနေတယ် ။
ကိုယ်တိုင်က လဲ အော်နေခဲ့တယ်။
နာပါတယ် ဆိုမှာ လဒတွေ က အသားတွေ လာတွတ်သွားတယ်။
နယူတန်ကြီး ဆွဲယူလိုက်တဲ့ မျက်ရည်တစ်စက်က မြေကြီးပေါ် ပေါက်ခနဲ့ ။
ပေါက်ခနဲ့။ ပင်လယ်ကြီးဖြစ်သွားတယ်။
မြင်လား.......... မြင်မိလား။
ဒီပေါ်မှာ ငါတို့ ခင်းခဲ့တယ်။ အသက်တွေနဲ့။
ခံစားချက် က ပြာမဟုတ်ပါဘူး။
လျစ်လျူ ရှု့ ခြင်းက ခရစ်တော် ထက် ဦးပြီး ပေါ်ခဲ့တာလား။
ထိုးမွလိုက်တဲ့ အခေါင်းပွက တစ်ချိန်မှာ လှပတဲ့ ပန်းကလေးတစ်ပွင့်။
လှမ်းကြပါ တန်းကြပါ ။ ဒီပေါ်မှာ ခြေရာတွေ လှမ်းလိုက်ကြပါ ။
ကျွန်တော် ဘဝကို တန်းပေးပါ့မယ်။
ခင်ဗျားတို့ အဝတ်တွေ ခြောက်သွားရင် ဘဝတွေက မီးပူတိုက်ပြီး ကြွရွ လှပ ။
ကျွန်တော် ပျော်ပါတယ်။
တန်းထားတယ်။
ထပ်ပြီး လှမ်းလိုက်ကြပါ။

ပျူမခ (ကော့သောင်း)
11.5.2013
ဆက်ဖတ်ရန်

Sunday, June 16, 2013

..ပိုးရတု ခြေလှမ်းသို့ ကဗျာ....(အဖေ)



အဖေ့သွေးနဲ့လောင်းခဲ့ လက်နှစ်သစ်လူ
လူတကာက မြှောက်ပင့်လိုက် ရိုက်ချလိုက်
မမြင်တာကြာပြီပေါ့…။
ခပ်နက်နက်တွင်းထဲမှာ ပျော်ရဲ့လား အဖေ
အချိုအခါးတွေ ကွဲပြားသေးရဲ့လား
ကျောခိုင်းထားတဲ့ မနက်ဖြန်
လမ်းညွှန်မယ့် သူတွေ့နေပြီလား
အ၀ိဇ္ဖာတွေ မီးထွန်းညှိပြီးပြီလား
အမှန်တရားကို ခေါင်းညှိတ်တတ်ပြီလား
ဒီလိုပဲ မွေးခွန်းတွေ
စကားပြောတိုင်း တစ်ပွက်ပွက်နဲ့
ဒူးထောက်ရင်း ထွက်ထွက်ကျလာတယ် အဖေ…။
နောင်တဆိုတာ တခါးမဖွင့်ပေးသင့်တဲ့
တရားဝင် ဧည့်သည်တဲ့..။
မှားပြီလားအဖေ…….
မှားခဲ့ပြီလား…..
ထားလိုက်ပါတော့…….
ဘယ်သူမှမမှန်တယ့် လောက
အဖေအမှားကို နတ်သကြားတောင်မမြင်ခဲ့တာ
သူလဲ မှားချင်မှားမှာပေါ့…။
အချိန်တွေ ကြာလာတော့လဲ
အပြွတ်အသိပ် ချဉ်ခြင်းတွေနဲ့
သားတစ်ယောက်ဘ၀ရဲ့ လမ်းပြမီးအိမ်
ဖြစ်စေချင်ခဲ့တယ်အဖေ….ရယ်…။
ကိုယ်မြင်းကိုယ်စိုင်းခဲ့တဲ့
အဖေရဲ့လက်တစ်စုံ
လက်ပြဖို့ပဲ နောက်ဆုံးဆိုတာ
မီးခိုးတွေနဲ့ ကျောက်စာတင်လိုက်တယ်...
မှန်ရဲ့လားဆို……
အဖေဆိုခဲ့တဲ့
ဘာမှအသုံးမကျတဲ့ သား….
သူကိုတစ်ချက်လောက်ပဲ
လာ…လှည့်…ကြည့်…ပေး…ပါ…အဖေ…..။

                                     နေကောင်းကင်နီ

ဆက်ဖတ်ရန်

Wednesday, June 12, 2013

.........ဇာတာ........


ဇာတာ ကောင်းတယ်

ပြောကြတယ်....။

အစားကောင်းကောင်းစားရတဲ့

မွေးမြူရေးဝက်တစ်ကောင်ရဲ့ ဇာတာ

ကျားရှိတဲ့တောထဲ ဘေးမဲ့လွှတ်ခံရတဲ့

နွားတစ်ကောင်ရဲ့ ဇာတာ

ရွှေတွင်းထဲမှာ ရေငတ်နေတဲ့

လူတစ်ယောက်ရဲ့ ဇာတာ

ခန္တာကိုယ်အတွက် လိုတာရနေတဲ့

စိတ်မကျန်းမာသူတစ်ယောက်ရဲ့ ဇာတာ

စူဋ္ဌလိပ် ရေထဲလွှတ်သလိုလား...။

လှေကားမရှိတော့ တက်အားရှိ

တက်အားမရှိတော့ လှေကားရှိ

တစ်ခါတစ်ခါ အချိုးမညီတဲ့ ခေါက်ရိုးတွေ

စုပုံနေတဲ့ ဂြိုလ်ကမ္ဘာ

မသိခြင်းတွေဆက်ကဲပြီး ခေါင်းငြိမ့် ပြောနေလိမ့်မယ်

           အို............
ဘာပဲဖြစ်ဖြစ်

ဇာတာ ကောင်းတယ်တဲ့.......။။။

                                      နေကောင်းကင်နီ
ဆက်ဖတ်ရန်

..၆ ကြိုးမိခြင်း...

 

ဂွေလိမ့်ဖို့ လက်လိုပြီ

ကျောတို့ဖို့ ကြိမ်လိုပြီ

ခခွေးရေးဖို့ ကကြီးလိုပြီ...။

အလို...

ငါ့လက်မှာဘာတွေပါလိမ့်...။

ဖုန်တွေ ဖုန်တွေ...

လူကြည့်တော့ ၀ဖြိုးတောက်ပြောင်လို့...။

ဟော..ဟော..တွေ့ပြန်ပြီ

ဦးနှောက်ထဲ စွဲကပ်နေတာ

ဘာကောင်ပါလိမ့်...။

သြော်...

သံချေးတက် အမှိုက်ပုံနားက

ဗီတာမင် ငပျင်းတကောင်ပဲ..။

ငါဆေးစားမှားမိတာလား...

အေးအေးနားမိတာလား...။

ကြာရင်....

ဒါကြောင့်ပြောပါတယ်

ကိုယ်ကိုယ်ကိုယ်မောင်းနှင်ဖို့

လိုပြီလားလို့...။

                                             နေကောင်းကင်နီ
ဆက်ဖတ်ရန်

တမ်းတခြင်း...အဘိဓာန်



အဲဒီနေ့.....

အရာအားလုံးနဲ့ယှဉ်ပြီး....

မင်းအတွက်မွေးဖွားခဲ့တယ်....

မွေးနေ့တဲ့....

ငါ့ရင်ခုန်သံချက်ကြိုး....

ကြက်သေသေတဲ့နေ့ပါပဲ....

ငါတိုတူတူပျော်ခဲ့ကြတယ်........။။

တမ်းတမှ....အဝေးရောက်နေမှန်း....

ငါလန့်နိုးမိတာ....

တကယ်တော့...

ငါကျောပိုးထားတာ....အမှား....

ရင်ထဲမှာလေပြေရှိပြီး....

ရေရွတ်မိတော့.....

စာလုံးပေါင်းတွေမှားတယ်.....

ငါ့စိတ်နဲ့ငါ.....

ရုပ်သေးရုပ်လောက်...ဟန်ချက်မညီဘူး....

ဒီတော့...

ငါခတ်လိုက်တဲ့တံဆိပ်....

မင်းအတွက်ကြက်ခြေခတ်....ပေါ့....

ချစ်တယ်....

အဲဒီစကား....မင်းအတွက်နှစ်ချို့နေပြီဆိုလဲ....

ငါအခုထိ....ရေလောင်းနေမှာပါပဲ....

မတော်တဆ....

အညှောင့်လေးထွက်လာရင်....

မမေ့နိုင်ဘူးလို့ပြောပေးနိုင်မှာ.....ထာဝရပေါ့...

နင်ကြားနိုင်မယ်ဆိုရင်...

ရုပ်သေးရုပ်ကြိုးဖြတ်ပြီး....အော်ပြောချင်တယ်.....

နင်ပျော်ပါစေ.....

                                  နေကောင်းကင်နီ
ဆက်ဖတ်ရန်

ပိတောက်ဖူးတဲ့ တန်ခူးနွေအတာ



ရာသီမိဿ အကူး

ထူးတဲ့ အာဿဝနီချိန်

ဟိုတစ်ပင် ဒီတစ်ပင်ကူး

ပိတောက်ဖူးတဲ့ မိန်….။

ရမ္မက်ထွေ ရွှေသွန်း

လေရူးရွှန်း နှင့်

စူဠ မဟာ လူတူစွာ

လမှုရွှင်ပွဲ သင်္ကြန်ပွဲ ရယ်နဲ့

ဗသျှူ အာရာ သမန္တ

ဆေးကြမင်္ဂ ပျော်ရွှင်စွာ…..။

တစ်ခါကြုံ အ၀င်လှ

ရိုးရာအကျ ပေမို့

အတာရက် အတာတက်

သပြေခက် နဲ့ ဖြန်း

ကြုံလေပွေ ချိန်ခါချင့် ပြန်တော့

တမူကာ အတာသင့် ရပြန်

နွေတမာန် သက်ကြူး

ထွေထူးထူး အတာစားရယ်လေ

ပျော်ကြစေ နှစ်ကူး

ငွေဖလားသင်ဖျုးနဲ့ ခင်မေ

ရှားထွေထွေ ပိတောက်

ပန်ကောက် သူတွေငွားငွားစွင့်

ဒီတစ်လှည့်ကြာဝေ မှာတော့

လွမ်းသူတွေငူစေ မယ်ပ

ဖူး ဖူး ဖူး လေ

တန်ခူးတန်ခူးတန်ခူး ရဲ့ .......နွေ…..။

                                                   နေကောင်းကင်နီ

ဒီကဗျာလေးကတော့ သင်္ကြန်တုန်းကရေးထားတဲ့ ကဗျာလေးပါ ရွှေမြန်မာဥယျဉ်ဆိုက်မှာ ဆုတစ်ဆုရထားတဲ့ကဗျာလေးပေါ့..သတိရလို့ ပြန်တင်ထားလိုက်တာပါ....
ဆက်ဖတ်ရန်

Sunday, June 2, 2013

ခေါင်းလောင်းတီးမည့် ဆည်းလည်းများ ( ကျောင်းဖွင့်ရက် အမှတ်တရ ကဗျာ )


မိုးစက်တွေကြား အဖြူတွေပြေးလွှား
လှုပ်ရွရွ အစိမ်းရောင်ကဗ္ဗလာ
အနာဂတ်ဆီ ဦးတည်နေလေရဲ့ ။
အနားယူအားမွေး သူတို့လန်းဆန်းကြရောပေါ့
မိုးဦးသစ်ရွက်လို အပြိုင်းပြိုင်း ရုန်းထ
လျောက်လှမ်းလာပုံများ….
အဖြူရောင် စစ်တပ်
ကမ္ဘာကိုသိမ်းပိုက်မယ့် ဟန် ။
သူတို့လေ…..
ထီးလေးကို မိုး
တစ်ချိန်….
အုပ်စိုးသူ ဖြစ်လာနိုင်တယ် ။
ခြေလှမ်းတွေ သွက်
တစ်ချိန်…
ဇွဲရှိသူ ဖြစ်လာနိုင်တယ် ။
အပြစ်ကင်းကင်း ရယ်မော
တစ်ချိန်…
တည်ကြည်သူ ဖြစ်လာနိုင်တယ် ။
မျက်မှန်တွေ တပ်
တစ်ချိန်….
အမြင်ကျယ်သူ ဖြစ်လာနိုင်တယ် ။
ခေါင်းလေးကို ငုံ့
တစ်ချိန်…
လူတကာ မော့ကြည့် ရမယ် ။
သူတို့လေ….
ချိုသာစွာမြည်ဟီး
ကောင်းကင်စည်တီးမယ့်
မြေပေါ်ကဆည်းလည်းတွေ
ဟိုဘက်နည်းနည်းလေးတိုး
ကျွန်တော်တို လမ်းဖယ်ပေးကြရအောင်…..။
                                                    နေကောင်းကင်နီ

ဆက်ဖတ်ရန်

........".............................................."........


......."....................".......

ကဗျာဆိုတာတစ်စုံတစ်ယောက်ရဲ့..ရင်ဖွင့်ခြင်းလဲဖြစ်တယ်...

တစ်စုံတစ်ယောက်ရဲ့....တီးတိုးစကားလဲဖြစ်တယ်...

ခု.......

ကျွန်တော်....

လေတိုက်သံနဲ့အတူ....

ရင်ဖွင့်ပြီး....တီးတိုးပြောမယ်...

ကောင်မလေးတစ်ယောက်အကြောင်း.........

               

  ....1....

ချစ်သူကိုအနေမခက်စေချင်ပါဘူး...

တိုးတိုးလေးနဲ့....တစ်ခွန်းထဲပြောတာ...ငါချို့တဲ့လို့....

ကြာလာတော့လည်း...နှလုံးသားတွေပွန်းလာတယ်...

ဒါပေမယ့်..ငါရယ်ပြမယ်....

     ...2....

ချစ်သူကိုအနေမခက်စေချင်ပါဘူး.....

လှုပ်ရှားနိုင်သူရဲ့တစ်ရက်စာ....

ငါတစ်ဘ၀စာ..ရှိတယ်...

အခု......

ဘ၀တွေထပ်ထပ်လောင်း....

ငါ့နေရာတောင်.....ဟောင်း...

ဒါပေမယ်..ငါပြုံးပြမယ်....

 ...3...

ချစ်သူကိုအနေမခက်စေချင်ပါဘူး.....

အဝေးကြီးမှန်း....သိရဲ့နဲ့..

မမြင်နိုင်မှန်း...သိရဲ့နဲ့..

ငါ့ရင်ဘတ်ချည်တိုင်မှာ...မချည်ချင်ဘူး...

ဒါကြောင့်...ငါပဲဖြေလိုက်မယ်...

ငါ့လိပ်ပြာ...လွတ်ရာကျွတ်ရာပေါ့....

ဒါပေမယ့်.....ငါ......

                                   နေကောင်းကင်နီ
ဆက်ဖတ်ရန်

...အိမ်မက်တစ္ဆေ.....



ဘာများလဲ...

လူယောင်ဆောင်နတ်သမီးတပါး....

တစ်ရေးနိုးငါ့ညကို....လာခိုးသွားတယ်...

နားထဲ...တရွှီတရွှီမြည်သံ...

ဘာသာမပြန်နိုင်ခင်...

ငါမနက်ခင်း...လန့်နိုးသွားတယ်

ရုတ်တရက်ထထိုင်.....

ငါ့မနက်ဖြန်ရီဝေသွားပြန်တယ်...

နင်ဆွခဲ့တဲ့အိမ်မက်....

နင်ဘယ်လိုပြန်သိပ်မှာလဲ....

သစ်တပင်....နမ်းရှိုက်ခြင်းမျိုး....

ခပ်ဝေးဝေး...ရပ်ကြည့်ခြင်းမျိုး....

ယောင်လို့တောင်.....ငါ့နဖူးမနမ်းပါနဲ့....

ငါ့မှာ....ကျိန်စာပြယ်ဂါထာမရှိလို့ပါ...

ထိုင်ရင်းတွေး...ငိုင်ရင်းဆွေး....

နင်နှိုးခဲ့တဲ့အိမ်မက်....

ကော်ဖီတစ်ခွက်နဲ့.....ငါပြန်သိပ်မယ်...

                                               နေကောင်းကင်နီ
ဆက်ဖတ်ရန်

...ကဗျာရွတ်ခြင်း.......



ကလင်....ကလောင်....ကလက်...

ချဉ်ပေါင်ရွက်....

ငိုရယ်....ငိုရယ်...လာလေတယ်....

ငိုမဲ့...ငိုမဲ့ ပြန်လေရဲ့....

သေခြင်းထက်နေခြင်းကကြာတယ်

အရာအားလုံးငြိမ်သက်ရင်.....

ရူးတတ်တယ်တဲ့....

လိုက်ရှာ....

လူသေကိုတုပ်တဲ့ကြိုးကို....လိုက်ရှာ...

ပြီးရင်....ငါ့ခြေမငါတုပ်လို့....

မီးပုံထဲခုန်ချ......

ပြီးမှ....ပြာအဖြစ်နဲ့လွင့်ချင်ရာလွင့်

ဒါသေမင်းကိုစစ်ရှုံးခဲ့တဲ့.....ငါ့ဆန္ဒ

ဒါပေမယ့်..ကဗျာရွတ်ပြီးတွားမယ်.....

ကလင်...ကလောင်....ကလက်.....

ချဉ်ပေါင်ရွက်....

ငိုရီ....ငိုရီ.....လာလေပြီ....

ငိုမဲ့.......ငိုမဲ့....ပြန်လေရဲ့.....

                                          နေကောင်းကင်နီ
ဆက်ဖတ်ရန်

.....None D....



ကျွန်တော်ဟာ ပုံဖော်ထားတဲ့လမ်းကြောင်းမှာ ခေါင်းငြိမ့်ပြီးလျှောက်တတ်တဲ့ ၀ါးပင်မဟုတ်ဘူး

ကျွန်တော်က ခပ်မိုက်မိုက် ကိုင်းပင်

ရုပ်ကြွင်းဖြစ်ဖို့ ကိုယ်ကိုယ်ကိုယ်မြုပ်နှံရဲတယ်

ကျွန်တော်ဟာ ပြောနေကြ သုံးနေတုန်း ဘာမှမရှိတဲ့ခွက်တစ်လုံး

လောလောဆယ်အရောင်ဆိုးတဲ့ သစ်ပင်အောက် ခဏမှောက်ထားတယ်

မနက်ဖြန် လှန်မယ် သင်ယူမယ်

ကျွန်တော်ဟာဖြစ်တည်မှုအစစ်ရှာရင်း ဆည်းပူးသူ

အတုခိုးတယ်လို့ခေါင်းစဉ်တပ်ရင် ပြုံးပြတတ်တယ်

ကျွန်တော်မှာ လက်ညှိုးတွေမရှိဘူး

မာနနဲ့ အတ္တ စပ်ကူးမပ်ကူးမှာ ထွက်လာမယ့်အစွယ်အတွက်

အိမ်မက်ကိုပဲကိုင်ဖို့ အာဏာပေးထားတယ်

ကျွန်တော့ဟာ ဘောင်ဘင်ခတ်သူတွေကို အားနာတတ်တယ်

ဝိုင်တစ်ခွက်အစား သစ်သီးတစ်လုံးနဲ့

စကြာဝဋ္ဌာကိုလမ်းညွှန်ချင်တယ်

ကျွန်တော်ဟာ ဖရုဿဝါစာတင်စီးတဲ့ လူဆယ်ယောက်ထက် လူတစ်ယောက်စကားပြောတာကိုနားထောင်တတ်တယ်

လူဆယ်ယောက်စကားပြောတာထက် ပညာရှိနှုတ်ဆိတ်တာကို ကြောက်ရွံ့မိပြန်ရော

ကျွန်တောဟာယုံကြည်မှုလွန်ကဲသူလဲမဟုတ်ဘူး မယုံမကြည်နေတဲ့သူလဲမဟုတ်ပြန်ဘူး

ကမ္ဘာဦးဓားဆိုရင် ခပ်တုံးတုံးထင်ကြမယ်

ပီကာဆိုရဲ့ ပန်းချီကားထဲ ခဏနေလိုက်တယ်

ကျွန်တော်ဟာခဏခဏနေမကောင်းတဲ့ ရိုးသားသူပါ……..။

                                                                        နေကောင်းကင်နီ
ဆက်ဖတ်ရန်

......အဟက်.........


အဟက်......

ခရုကောက်ရင်း..ဖားရိုက်
လယ်ထဲသွားရင်းနွားဆွဲရတာ
ထုံးစံ……..
ခု ...
အွန်လိုင်းပေါ်တက် 
ခလုပ်တိုက်ဖို့ ခြေထောက်ယူလာခဲ့....
ခပ်ခါးခါးသိက္ခာဝတ်ရုံကို..၀တ်ရုံ
အစိမ်းရောင်အဆိပ်တွေထွေးငုံ….
ခပ်စောင်းစောင်းမျက်မှန်တစ်လက်
ခပ်ရွဲ့ ရွဲ့ အပြုံးတစ်ခုပေါ်…စောင်းတပ်
သူဘာကောင်…ငါဘာကောင်
ဝပ်တွင်းငှက်တောင်မရှောင်….. ထထဟောင်
အဆိပ်မလူးတဲ့မြှား…
မြည်းစမ်းကြည့်ချင်လား…ဆိုကောင်းဆို
ခေတ္တရာပတ်..
ဆရာဖြစ်ချင်…ခေါင်းငုံအရင်သင်ရသတဲ့
ဆိုပါတော့စေ..အပြုံးနဲ့အရယ်…
ဒါလူ့ယဉ်ကျေးဘောင်..
အဟက်………………..
ခပ်ဟဟရယ်…..
ခနနေရင်ကျယ်တယ်
ရွှေဝါရောင်အိမ်မက်တွေ………….၀ါးမြိုထားတယ်ဆိုလား……
အပျင်းပြေကဗျာ...ရေးတယ်ဆိုလား………
ဟိုနေရာလေးက….ဟိုလို
ဒီနေရာလေးက…….ဒီလို
လက်ညိုးတထိုးထိုးနဲ့…ဒေါင်း….
မှန်မကြည့်တက်အောင်
ဖင်ဟောင်းလောင်းဖြစ်နေတော့
မျက်စိပိတ်နားပိတ်..
မြွေခြောက်ကိုက်လို့သာ
တုံးခနဲလဲအိပ်..
တခိခိနဲ့ပြုံး..
တုံး…. တုံး… တုံး…...စေ....

                                                နေကောင်းကင်နီ
ဆက်ဖတ်ရန်

..သီအိုရီတွေ အုပ်စုလိုက်ပျက်ကျခြင်း...



  (၁)

စကားလုံးတွေ အလုံးလိုက်ပြိုကျ

ကျောလှည့်တာနဲ့ ပျောက်

ပိုးကောင်တွေ ကို ခေါင်းအုံး အိပ်ခဲ့ခြင်း အကျိုးဆက်
မနှစ်က အညစ်ကြေးတွေ ဘာကြောင့် (ဘာကြောင့်) ဆယ်
ဝါကျတွေ ဖျားတယ်....
     (၂)
ရုပ်ခံတွေ တူ...တူ...နေကြ
ညတခြမ်း နေတခြမ်း မသင်ပဲနဲ့ တတ်တယ်
မွေးရာပါဗီဇ
အမှားဘက်သို့ချိန်ခွင်
ပျက်သုန်းခြင်းဘက်သို့ စောင်းခြင်း
မျက်နှာဖုံးတွေ ရောင်းတယ်....။

     (၃)
ဘယ်သူက အင်နားရှားထဲနေမှာလဲ
အစိမ်းရောင်မရှိခင်
သူဘာအရောင်လဲ..???
၁+၁=( ? )
သက်ရောက်မှုတိုင်းမှာ
ငြိမ်ငြိမ်လေး
ကျောက်ခဲသည် လေထက်ပေါ့၏
ထို့နောက်......
etc.........။
     (၄)
အမှန်တရား....
သူအိပ်နေတယ်
အမုန်းတရား....
ကော်ဖီတစ်ခွက်နဲ့
မေတ္တာ............သစ္စာ......
...................
....................
သူ့နေရာသူမရှိတဲ့ အိမ်တစ်အိမ်
လူ သူ အတွက် ထိုင်စရာမရှိ
သီအိုရီတွေ အုပ်စုလိုက်ပျက်ကျတယ်.......................။။။
                                                                               နေကောင်းကင်နီ
ဆက်ဖတ်ရန်

...တင်ဆက်သူများ.....


ယုံအောင် တင်ဆက်သူ

မယုံအောင် တင်ဆက်သူ

ယုံယုံမယုံယုံ တင်ဆက်သူ



အထင်ကြီးအောင် တင်ဆက်သူ

အထင်မကြီးအောင် တင်ဆက်သူ

ကြီးကြီးမကြီးကြီး တင်ဆက်သူ



ရည်ရွယ်ချက်ရှိ တင်ဆက်သူ

ရည်ရွယ်ချင်မရှိ တင်ဆက်သူ

ရှိ၏မရှိ၏မသိ တင်ဆက်သူ



ရေပေါ်ဆီ တင်ဆက်သူ

မြေစိမ့်အိုးလို တင်ဆက်သူ

ဖင်ပွန်းအလေးလို တင်ဆက်သူ



ဝရေး လုံးကြီးတင် ၀ိ ......( သူ )

ဝ လုံးရေ ၀ .......( ကျွန်တော် )





..                        တင်

..                       ဆက်

..                        သူ

..                        များ

..                        သူ

..                       ဆက်

..                        တင်





စနေထောင့် ခိုက်တယ်



                                                       နေကောင်းကင်နီ
ဆက်ဖတ်ရန်

......ကောင်တာ.......



စိတ်တွေ ကလစ်ထဲ ထည့်လိုက်တယ်

သေပြီးသားလူရဲ့ သေနတ်သံအောက်

လူအရှင်တွေ တစ်ဖြုတ်ဖြုတ် ကြွေ

စကားတွေက 44 လောက်ပစ်အားကောင်းလား

တစ် ဗျောင်း ဗျောင်း AK အောက်မှာ

သစ္စာတွေ ပွင့်ထွက်ကုန်တယ်

ကလောင်ကလင် အချက်ပေးသံ ကြား

မင်းပြေးပေတော့

နှစ်ဦးနှစ်ဖက်ေ၀၀ါးဖို့

မင်း မီးခိုးမှိုင်းပစ်သွင်းလိုက်

Primary အကုန်မှာ

မင်း secondary အသင့်ရှိစေ

ပြေးကောက်ချင်ရင်

မင်းသက်လုံကောင်းရမယ်

လက်တွေ့က Boom Site A B လိုမရှင်းဘူး

Defuse Kit လွယ်

ခပ်မြန်မြန်ဖြုတ်

5 မိနစ်စာ ဘဝ

ဒါမင်းအောင်ပွဲ ပဲ……
                      
                              နေကောင်းကင်နီ
ဆက်ဖတ်ရန်
မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...