ကဗျာဟာ ကဗျာ
အမေဟာ အမေ သိတဲ့နောက်
ဒီကဗျာအစထဲက အမေဟာ
ကဗျာပြန်ဖောက် အမြစ်တွယ်လိုက်တယ်..။
လက်တစ်ပွေ့စာ ပင်လယ်ထဲ
အသားစ ရည်ကြည်ခပ်ပါးပါး
နူးနူးညံ့ညံ့ နွေးနွေးထွေးထွေး
အောက်စီဂျင် တစ်ဝက်
အစာတစ်ဝက်
ရေတစ်ဝက်
အချင်းတိုင်တွေ ဆက်သွယ်လိုက်တဲ့အခါ
မေတ္တာတရားတွေ ၀င်လာတယ်
ဒါ အမေပေါ့…။
တစိမ်းတရံသော ဗလာရဲ့လောက
လက်နှစ်သစ်စာ သေးသေးလေးတွေ
သံယောဇဉ်အမျှင်စု ဂရုဏာကွန်ယက်
အပြုံးစိမ်းစိမ်း မျက်ဝန်းရွှင်ရွှင်ထဲ
တဖြည်းဖြည်းထွားကျိုင်း
ဝစ္စနဲ့ဝေယျ လုံးကြီးတင်လိုက်တဲ့
မြင်းမိုရ်တောင်ခါးထစ်ခွင်လိုက်တဲ့ ဒီအရပ်
မျက်လုံးမှိတ်
တခစ်ခစ် တသိမ့်သိမ့်
လောကကဗျာ……
ဒါ ဟာ အမေပေါ့…..။
တစ်ချိန်က
မီးအိမ်တစ်လုံး ဘုရားသခင်တစ်ပါး
အိမ်ပေါက်စေ့ မေတ္တာမဝေနိုင်တဲ့အခါ
အမေဆိုတာ ထားခဲ့သတဲ့…..။
ဘယ်လိုတွေးတွေး ဘယ်လိုတုတု
မီးတွင်းနေသယံဇာတ
ချိုမြိန်ဖို့ ဘယ်သူမှဆုမပေးခဲ့ဘူး…..လေ…..။
သင်တို့မြင်ဖူးစ
ခါးပတ်လည်နာကျင်မှု
အသားအသွေးတွေ ကွာကျ လျောကျ
တစ်လှမ်းတစ်ခေါက်
သုံးခေါက်ရွယ်မျက်စောင်းအပြန်ကို
ရေတစ်ပေါက်သံကပဲ ကုစားပေးခဲ့ပေါ့….။
ဟော………..
မှော်ဝင်လက်တစ်စုံနဲ့ ချီမြှောက်လိုက်ကြ
ဆေးဖက်ဝင် အမြစ်တစ်ဖုံနဲ့ ပြုစုလိုက်ကြ
ရဲရဲတောက် အနူးညံ့ဆုံးဒိုင်းအကာနဲ့ ကာကွယ်လိုက်ကြ
ခယောင်း ဆူး ဓာတ်သတ္တုတွေတောင်မှ
အမှုန့်ဖြစ်သွားမယ့်
စကြ၀ဠာအနားသပ်တွေ
ဆိုစေဆို စေ
ပြည့်တန်ဆာလည်း အမေ
ဈေးသည်မလည်း အမေ
နူနာဝဲစွဲ လည်းအမေ…..။
အမေဟာ
ယက်လိုက်ကန်လိုက် သားတွေကိုချစ်တယ်
ခုန်လိုက်ဆွလိုက် သားတွေကိုချစ်တယ်
ပြေးပြေးလွားလွား သားတွေကိုချစ်တယ်
ချုချာ နူနာ သားတွေကိုချစ်တယ်
လူ့အန္ဓဂျိုး သားတွေကိုချစ်တယ်
မပြောပဲနဲ့…။
အမေဟာ
သားရယ်သံတွေ နားဝင်သည့်အခါတိုင်း
ရာလုံးပြည့်ပန်းတွေ ပွင့်တယ်
နတ်ရေစင် ၀မ်းမှာအေးတယ်
သိဒ္ဓိအဟာရ လွန်မြောက်တတ်တယ်
မတောင်းပဲနဲ့….။
အမေဟာ
လက်တံတိုတိုလေး ဂျိုင်းသိုင်းလိုက်တဲ့အခါ
လောကဓံကို ခပ်ဟဟရယ်မောပစ်ခဲ့
သားချော့တေး ရင်တီးသံအဖွင့်မှာ
ဆူးခြုံတွေ လက်ပွေ့ပန်းအသွင်ပြောင်းခဲ့
အပြောကျယ်ပင်လယ်ထဲ ကွန်ချက်မကျင့်ခင်
ပလူမွှေးပလူတောင် ဗီဇမရင့်ခင်
ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ က အစ
မာနကို သားတစ်လုတ်စာအတွက် လဲရင်လဲတယ်
သိက္ခာကို သားအရေခြုံဖို့ ချွတ်ရင်ချွတ်တယ်
ကိုယ်ကျင့်တရားဖျက်ချ
သားအတွက် မိုးရင်မိုးတယ်
ငွေသားပြည့် ဖန်ကြွေထဲ
အစုန်မြစ်တစ်စင်း လျှိုဝင်သွားခဲ့
ဒါ ဟာ အမေ…ပဲ…ပေါ့…။
ကာလသုံးပါး အပ်ပေါက်ရာမရှိ ဖာထေးနိုင်သူ
ဘယ်သူ….
သစ္စာလေးပါး ရက်လုပ်တတ်သူ
ဘယ်သူ….
ဘယ်သူ… ဟာ ရင်ဘတ်ထည်တွေကို
အနူးညံ့ဆုံး ရက်လုပ်ကြ ရစ်ပတ်ကြ
ရင်သွေးလို့ ခေါ်တဲ့ ဘယ်သူ့… ရဲ့ဘ၀တွေကို
အမြှောင်းမြှောင်းထအောင် လမ်းပြကြ
ထိပ်ဆုံးရောက်အောင် ထမ်းပိုးကြ
ဒါကြောင့်ပဲ ဘယ်သူ့… ဘ၀တွေက
ခြေနင်းလို ပေပွ ပင်ပန်း ကြမ်းတမ်း
ဘယ်သူ…တွေကပဲ ပျော်….နေ….ကြ…။
ကမ္ဘာပျက်
လက်တစ်စုံမပျက်မသုန်းရှိတယ်
မိုးပြို
ရင်ခွင်ကျယ်နားခိုစရာရှိတယ်
ပျက်စီးခြင်းအနတ္တဟာ
ခြေဦးတောင်မလှည့်နိုင်ခဲ့ ဒီအရပ်ဟာ
ကြယ်တာရာ ခြေအစုံနဲ့
ဝင်ထွက်သလား ဓားမရှိ
ခလုပ်မထိ မသိ မငြိ
အနန္တ ပရ ပဒေသာ ၅၂၈ ပျိုးခင်းကြီးတစ်ခုပေါ့….။
နိဂုံးမှာ
ကဗျာဟာ ကဗျာ
အမေဟာ အမေ သိတဲ့နောက်
ကဗျာအဆုံးက အမေဟာ
ကဗျာပြန်ဖောက် သောက်သုံးလိုက်တယ်….။
နေကောင်းကင်နီ
No comments :
Post a Comment
တစုံတယောက်....တခုခုရရှိသွားပါသည်......။