မြန်မာစာပေတွင် သတ်ပုံ၏ နေရာသည် ခေတ်အဆက်ဆက်၌
အရေးပါသော အခန်းကဏ္ဍ
တစ်ရပ်မှ ရပ်တည်ခဲ့သည်ဟူ၍
ဆိုနိုင်ပေသည်။ ရှေးမြန်မာ
မင်းများလက်ထက် ခေတ်အဆက်ဆက်တွင်
သတ်ပုံ၏ နေရာကို
"သတ်ပုံမှား၍ ရေးထားသောစာကို
စာပျက်ဟု ဆိုတတ်ကြသည်။
ထိုစာမျိုး ရေးသားသူကိုလည်း
လူညံ့ဟု သတ်မှတ်ကြသည်။
ရှေးခေတ်က သတ်ပုံမှားလျှင်
တရားတပေါင် ဖြစ်ခဲ့မှုကို
ကုန်းဘောင်ခေတ်စာဆို ရန္တမိတ်ကျော်ထင် ပြုစုခဲ့သော
"ရေစကြိုခုံတော်ဖြတ်ထုံး" အချို့၌ အထင်အရှား မှတ်တမ်းတင်ခဲ့သည်။
ထို့ကြောင့်ပင် သတ်ပုံမှားလျှင်
တရားဖြစ်သည်" ဟူသော
ဆိုရိုးစကားပင် ရှိခဲ့သည်။
မြန်မာ ပညာရှင်ကြီးများ၏
အဆိုအမိန့်အရ မြန်မာသတ်ပုံ၏
အခြေခံသည် "အပင့်နှင့်
အရစ်၊ တ-သတ်နှင့် ပ-သတ်၊
န-သတ်နှင့် မ-သတ်၊ သေးသေးတင်"
ဟူသော ရေးထုံးသုံးမျိုးတွင်
အခြေခံသည်။ မြန်မာစာသတ်ပုံ
အရေးအသား၌ ထိုရေးနည်း
သုံးမျိုးသည်။ အများဆုံး
မှားယွင်းရောနှော နိုင်သည်။
ထိုရေးထုံး သုံးမျိုးကို
မှားရေးမိလျှင် အနက်အဓိပ္ပာယ်
ပြောင်းလဲသွားသည့်အတွက် အတိမ်းအစောင်း မခံသော ရေးထုံးများဟု အဆိုပြုခဲ့ကြသည်။
စာပေ ရေးသားရာတွင်
သတ်ပုံသည် စာပေ၏
အထိန်းအကွပ် ဖြစ်သည်။
စာရေးသားရာတွင် သတ်ပုံသည်
အရေးကြီးသော ကဏ္ဍတစ်ရပ်သာ
ဖြစ်သောကြောင့် အထိန်းအကွပ်
သဘောမျိုးသာ သတ်မှတ်လက်ခံ
အသုံးပြုသင့်သည်ဟူ၍ မျက်မှောက်ခေတ်
စာပေပညာရှင်များက မိန့်ဆိုလမ်းညွှန်ခဲ့သည်။
ရှေးမြန်မာမင်းများ လက်ထက်တွင် သတ်ပုံနေရာ သတ်မှတ်မှုကို "ညောင်ရမ်းခေတ်
သာလွန်မင်း လက်ထက်၌
မြို့ဝန်ကို "နသတ်"
ဖြင့်မရေး "သေးသေးတင်"
ဖြင့် ရေးသားခဲ့သောကြောင့်
"မြို့ဝန်" မဟုတ်ပြီ
တောထဲမှ "၀ံ"
ဖြစ်သည်ဟု စာကိုပစ်လိုက်
ဖူးချေသည်။ စာရေးကိုလည်း
မောင်းထုတ်တော် မူခဲ့ဖူးချေသည်"
ဟူ၍လည်းကောင်း။
ကုန်းဘောင်ခေတ် ဘကြီးတော် (စစ်ကိုင်းမင်း)
လက်ထက်တွင်လည်း လွှတ်တော်စာရေးသည်
ရွှေကြက်ယက်သို့ သစ်ရောက်သည်ကို
စာပေးရာ၌ "ရွှေကြက်ယက်"
ကို "ရွှေကျက်ယက်"
ဟု သတ်ပုံမှားရေးသား
ခဲ့သောကြောင့် သစ်ပိုင်ရှင်
ပညာရှိက လွှတ်တော်က
စာမဟုတ်၊ စာလုပ်သာ
ဖြစ်သည်ဟု ပြောဆို၍
အတင်းအမာနေလျှင် လွှတ်တော်ဝန်က
စာရေးအား ရာဇ၀တ်ခံစေ၍
သစ်ရှင်ပညာရှိအား စကားမလွင့်အောင်
လက်ဆောင်ဖြင့် ငွေပေးရဖူးလေ၏"
ဟူ၍ လည်းကောင်း။
ကိုယ်စွမ်းကိုယ်စလည်းပါ၊ အရေးအသား အတင်အပြလည်း ပြေပြစ်သော စာမျိုးကို သတ်ပုံအမှား များကာမျှဖြင့်
စာညံ့ဟု မဆိုသင့်ပါ။
စာရေးသားမှုတွင် သတ်ပုံထက်
ပို၍ အလေးပေးသင့်သော၊
ပို၍ ရှေ့တန်းတင်သင့်သော
အရည်အသွေးများ ရှိနေပါသည်
. . . . .
ကုန်းဘောင်ခေတ်စာဆို စာတော်ပြန် ဆရာကြီး ဦးပညာ၏ သားရွှေဥ ဆုံးမစာတွင်
မြန်မာစာပေတွင် သတ်ပုံ၏
နေရာသည် အရေးပါပုံကို
"မြို့ဝန်စာဟု ရေးရာမှာလျှင်
သေးသေးတင်၍ အထင်အရှား
မှားတောင်းမှားသော် မင်းများမိန့်ဟန်၊
ငါ့မြို့ဝန်သည်၊ တိရစ္ဆာန်ညစ်၊
တောဝံဖြစ်ပြီး သစ်သီးရှာဖွေ
စားပစေဟု၊ ရွှေပြည်မှလျှင်
တောသို့နှင်စေ" ဟူ၍ လည်းကောင်း။
"ရွှေကြက်ယက်ကို၊ ပင့်လျက်ဤမှာ ယခုပါခဲ့ လွှတ်စာမပီ၊ အင်မညီဟု မထီစိတ်၌ ပစ်လွှင့်လိုက်သော်၊ ခိုက်ခိုက်တုန်မျှ မျက်မာန်ထလျက်"
ဟူ၍လည်းကောင်း။
သတ်ပုံမှားခဲ့လျှင် လက်ဖြတ်ခံခဲ့ရသည်အထိ ပြစ်ဒဏ်ပေးခဲ့
မှုကိုလည်း "စာရေးစာမှတ်
လူမတတ်ကို လက်ဖြတ်မင်းဒဏ်
စီရင်ဖန်၏" ဟူ၍လည်းကောင်း
မှတ်တမ်းတင် ရေးဖွဲ့ခဲ့သည်။
မြန်မာစာပေ သမိုင်းကြောင်း၏
ခေတ်အဆက်ဆက်၌ ရေးထုံးသတ်ပုံနှင့်
ပတ်သက်၍ ကျမ်းအမျိုးမျိုးကို
ပြုစုရေးသားခဲ့ရာတွင် ပြုစုသူ ပုဂ္ဂိုလ်တို့၏ အယူအဆ အကိုးအကားအရ သတ်ပုံကျမ်း တစ်စောင်နှင့်
တစ်စောင်သည် အပင့်နှင့်အရစ်၊
တ-သတ်နှင့် ပ- သတ်၊ န-သတ်နှင့် မ-သတ်၊
သေးသေးတင်တို့၌ မူကွဲများ
ရှိခဲ့ကြသည်။ မြန်မာ့စာပေ
သမိုင်းတွင် ပေါ်ပေါက်ခဲ့သော
သတ်ပုံ၏ မူကွဲအခက်အခဲ
ပြဿနာကို မျက်မှောက်ခေတ်
သတ်ပုံပညာရှင်ကြီး များ၏
ဦးဆောင်ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သော ဆရာမင်းသုဝဏ်
(ဦးဝန်)က
"မြန်မာစာတွင် သတ်ပုံနှင့်
အပင့်အရစ်သည် အခက်ကြီး
တစ်ရပ်ဖြစ်သည်။ ဤအခက်ကို
လွယ်ကူစေလိုသော စေတနာဖြင့်
အင်းဝခေတ် ရှင်မဟာရဋ္ဌသာရ
အမှူးပြုသော စာဆိုတို့သည်
ပျို့လင်္ကာ၊ မော်ကွန်းရတု၊
ဧချင်း၊ အန်ချင်း၊
လူးတား စသည်တို့တွင်
ကာရန်ထောက်၍ စပ်ဆိုခဲ့ကြသည်။
အပင့်အရစ်ကိုလည်း ခွဲထားပြု၍
စီကုံးခဲ့သည်။ ထိုပျို့လင်္ကာ
စပ်ထုံးများကို ထုတ်နုတ်ကာ
နှောင်းဆရာများက သတ်ပုံကျမ်း၊
သတ်ပုံညွှန်းကျမ်း ခွဲထားကျမ်းများကို
ပြုစုခဲ့ကြသည်" ဟူ၍ မိန့်ဆိုခဲ့သည်။
မြန်မာစာပေ လောက၏
မျက်မှောက်ခေတ်ပြိုင် စာပေလောကတွင် သတ်ပုံ၏ နေရာနှင့် ပတ်သက်၍ ဆရာမောင်ခင်မင် (ဓနုဖြူ)၏ မြန်မာစာပေနှင့် သတ်ပုံ၏ နေရာလမ်းညွှန်ချက်၊ မိန့်ဆိုမှုသည် ယနေ့ မြန်မာစာပေ လောကသားများအတွက်
သတ်ပုံနေရာနှင့် ပတ်သက်၍
ခေတ်သစ်၏ မြန်မာသတ်ပုံဆိုင်ရာ
အတွေးအမြင် လမ်းညွှန်ချက်ကို
မြန်မာစာပေ မီးမောင်းထိုးပြလျက်
ရှိနေပေသည်။
စာရေးရာတွင် သတ်ပုံအရေးကြီး ပါသည်။ သတ်ပုံသည် စာပေ၏ အထိန်းအကွပ် ဆိုသည်မှာလည်း
မှန်ပါသည်။ သို့သော်
အလွန်စည်းကမ်းကြီးသော အတိမ်းအစောင်း မခံသော၊ အထိန်းအကွပ်မျိုး မဟုတ်။ အခြေအနေကို လိုက်၍ သင့်သလို ဆက်ဆံထိန်းကွပ်တတ်သော အလွန်သဘောကောင်းသော အထိန်းအကွပ်မျိုး
ဖြစ်သည်ဟု ဆိုချင်ပါသည်။
သို့ပေမဲ့ သတ်ပုံနှင့်
ဆက်ဆံနေသော သူအချို့က
သတ်ပုံကို အလွန်ကြောက်စရာကောင်းသော
အထိန်းအကွပ်ကြီးအဖြစ် သတ်မှတ်နေကြသည်။
စာပေသင်ကြား ပို့ချမှုအပိုင်းနှင့် ပတ်သက်၍ စာပေကိစ္စတွင် သတ်ပုံတစ်ခုတည်းသာ
ပါဝင်သည် မဟုတ်ပါ။
စာပေသင်ကြား ပို့ချမှုတွင်
သတ်ပုံတစ်ခုတည်းကိုသာ အားပြုနေ၍ မဖြစ်ပါ။ ကျောင်းသားများ သတ်ပုံမှန်မှန်
ရေးနိုင်စေရန် သင့်လျော်သော
လမ်းညွှန်ပြသမှုမျိုး ပြုလုပ်ရမည်မှာ
မှန်ပါသည်။ သို့သော်
သတ်ပုံကို ရှေ့တန်းတင်ကာ
အချိန်ရှိသရွေ့ သတ်ပုံကို
အာရုံပြုနေလျှင် သတ်ပုံမှအပ
ဖြစ်သော အခြားကိစ္စများတွင်
လစ်ဟင်းသွားတတ် ပါသည်။
သဒ္ဒါ အသုံးအနှုန်း
မှန်ကန်မှု၊ ရှင်းလင်းပြတ်သားစွာ
ရေးသားနိုင်မှု၊ ကျစ်လျစ်သိပ်သည်းစွာ
ရေးသားနိုင်မှု၊ အသက်ဝင်
လှုပ်ရှားအောင် ရေးသားနိုင်မှု၊
တင်ပြလိုသော အကြောင်းအရာကို
စည်းလုံးပြေပြစ်စွာ တင်ပြနိုင်မှု၊
ကိုယ်စွမ်းကိုယ်စ၊ ကိုယ်ပိုင်
အတွေးအခေါ်၊ အယူအဆများကို
ထုတ်ဖော်နိုင်မှု စသည့်
ကိစ္စများစွာ တို့သည်လည်း
အရေးတကြီး လမ်းညွှန်ပေးသင့်သည့်
ကိစ္စများပင် ဖြစ်ပါသည်။
သတ်ပုံကိုသာ အားပြုနေလွန်းလျှင်
ထိုကိစ္စများ လစ်ဟင်းသွား
နိုင်ပါသည်။
သတ်ပုံကို အားပြုလွန်းသူသည်
သတ်ပုံကိုသာ ကြည့်၍
အကဲဖြတ်ချင် တတ်ပါသည်။
"သတ်ပုံ၊ သတ်ပုံ"
ဟူသော အသံကိုပြုလျက်
ကျောင်းသား၏ စာထဲတွင်
သတ်ပုံအမှား ဘယ်နှလုံး
ပါသည်ကို မှန်ဘီလူးနှင့်
ကြည့်၍ရှာချင် တတ်ကြပါသည်။
ကိုယ်စွမ်းကိုယ်စလည်း မပါ။ အရေးအသား အတင်အပြလည်း
မပြေပြစ်သော စာမျိုးကို
သတ်ပုံအမှား နည်းကာမျှနှင့်
စာကောင်းဟု မဆိုသင့်ပါ။
ကိုယ်စွမ်းကိုယ်စလည်းပါ၊ အရေးအသား အတင်အပြလည်း ပြေပြစ်သော စာမျိုးကို သတ်ပုံအမှား များကာမျှဖြင့်
စာညံ့ဟု မဆိုသင့်ပါ။
စာရေးသားမှုတွင် သတ်ပုံထက်
ပို၍ အလေးပေးသင့်သော၊
ပို၍ ရှေ့တန်းတင်သင့်သော
အရည်အသွေးများ ရှိနေပါသည်။
စာပေနှင့် ပတ်သက်သော
နေရာတိုင်းတွင် ထို့အတူ
သဘောထား သင့်သည်ဟု
ထင်ပါသည်။
No comments :
Post a Comment
တစုံတယောက်....တခုခုရရှိသွားပါသည်......။