ကျိုက်ပွန်ဘုရား
ကျိုက်ပွန်ဘုရားကြီးသည်
ပဲခူးမြို့၏ အနောက်တောင်ဘက် ပဲခူး-ရန်ကုန် ကားလမ်းမကြီး၏
အနောက်ဘက်တွင်တည်ရှိကြီး ဥဿာမြို့သစ် ဧရိယာအတွင်းတွင် ပါဝင်ပါသည်။”ကျိုက်ပွန်”သည် မွန်ဘာသာ အခေါ်အဝေါ်ဖြစ်ပြီး
မြန်မာဘာသာအားဖြင့် “ကျိုက်” သည် “ဘုရား”
ဟုအဓိပ္ပာယ်ရပြီး၊”ပွန်”သည် “လေး
" ဖြစ်၍ “ဘုရားလေးဆူ” ဟု ခေါ်တွင်သည်။
ဘုရားလေးဆူ
ဆိုသည်မှာ...
(၁)ကကုသန္ဓမြတ်စွာဘုရား(အရှေ့မျက်နှာ)
(၂)ကောဏာဂမန မြတ်စွာဘုရား(တောင်မျက်နှာ)၊
(၃)ကဿဖ မြတ်စွာဘုရား(အနောက်မျက်နှာ)၊
(၄)ဂေါတမမြတ်စွာဘုရား(မြောက်မျက်နှာ) တို့ဖြစ်ကြသည်။
သာသနာ့ဒါယကာ
ဓမ္မစေတီမင်းကြီးသည် သာသနာသက္ကရာဇ် ၈၃၇ခုနှစ်,တပို့တွဲလပြည့်ကျော် ၁ ရက်နေ့၌ ဋ္ဌာပနာတိုက်တည်ပြီး၊မြန်မာသက္ကရာဇ်
၈၃၈ခုနှစ်,ကဆုန်လပြည့်နေ့၌ အနေကဇာတင်၍ ထီးတော်ကို ကိုယ်တော်တိုင် လှူဒါန်းခဲ့သည်။မင်းကြီးသည် သတ္တ၀ါများအား သနားကြင်နာ ကရုဏာစိတ်ထားသဖြင့် သတ္တ၀ါအပေါင်းတို့သည် ရတနာသုံးပါး၌ သက်ဝင်ယုံကြည်လျှက် ဆည်းကပ်ကိုးကွယ်စေခြင်းအလို့ငှာ ဤဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီးသော
ကကုသန္ဓ
မြတ်စွာဘုရား
၊ကောဏာဂမန
မြတ်စွာဘုရား၊
ကဿပ မြတ်စွာဘုရား
၊ဂေါတမ
မြတ်စွာဘုရား
တည်းဟူသော
ဘုရားရှင်တို့၏ကိုယ်စား ရုပ်ပွားတော်လေးဆူကို တည်ထားကိုးကွယ်ရန် အကြံဖြစ်တော်မူသဖြင့် သဲကုန်းတန်းအရပ်,ဒါလီစမ်း၏မြောက်ဘက် ကုန်းမြေတစ်ခုတွင် ဥာဏ်တော် အတောင်လေးဆယ်စီရှိသော ရုပ်ပွားတော်ကြီးလေးဆူနှင့်တကွ မဏ္ဍိုင်စေတီတော် အတောင်ရှစ်ဆယ်တို့ကို တည်တော်မူ၏။
ဓမ္မစေတီမင်းကြီးသည်
အုတ်၊ပန်းရန်အတတ်၊သစ်ဗိသုကာ
အတတ်တို့၌ ကျွမ်းကျင်တတ်မြောက်သောကြောင့် ရုပ်ပွားတော်လေးဆူကို ရုပ်လုံးဖော်ရာတွင် ပခုံးတော်များ၊လက်မောင်းတော်များ၊မေးရိုးတော်များ၊
နားရွက်တော်များအတွင်း၌
ကျွန်းဘောင်ကြီးများထည့်သွင်း၍
ရုပ်လုံးဖော်သည်။ရုပ်ပွားတော်ကြီးလေးဆူ၏
ကျောမှီရာ မဏ္ဍိုင်တော်အတွင်း အုတ်ချပ်များစီရာတွင်လည်း ရှစ်လက်မ၊လေးလက်မ လေးမြှောင့် အလျားနှစ်ပေခန့်ရှိ ဂ၀ံကျောက်တုံးများကို နှစ်ပေခြားခန့် အကွက်ကျ အဆင်းလိုက်၊အဆင့်လိုက်ထောင်လျှက် ထည့်သွင်းထားပြီးလျှင် အုတ်များကို ထိန်းချုပ်ထားခဲ့သည်။
ဘုရားတန်ဆောင်းတော်ကြီးကိုလည်း
လှပစွာ တည်ဆောက်တော်မူပြီး တန်ဆောင်းတော်ကြီးမှာ အကျယ် သံတောင်တစ်ရာ၊အမြင့် သံတောင်ခုနစ်ဆယ်
ရှိသည်။မဟာရံတံတိုင်းကြီး အရှေ့အနောက်(၇၀၀)တောင်၊တောင်မြောက်(၇၀၀)၊အတွင်းတံတိုင်း အရှေ့အနောက်(၃၅၀)တောင်၊တောင်မြောက်(၃၅၀)တောင်နှင့်တကွ ကျိုက်ပွန်ဘုရားကြီးတည်ဆောက်ခြင်းလုပ်ငန်းအ၀၀ကို
လူပေါင်းတစ်သောင်းဖြင့် အမတ်ဒိန်ကို အချုပ်ပြုလုပ်၍ မှူမတ်များနှင့်တကွ မင်းကြီးကိုယ်တော်တိုင် ကြီးကြပ်ပြီးလျှင်(၇)လအတွင်း ဆောင်ရွက်တော်မူလေရာ
သက္ကရာဇ်(၈၃၈)ခုနှစ်,ကဆုန်လဆန်း(၁၄)ရက်,စနေနေ့တွင်
ပြီးတော်မူသည်။၎င်းကဆုန်လပြည့်နေ့တွင်
သံဃာအပေါင်း(၄၀၀)ပင့်၍ အနေကဇာတင်တော်မူပြီးလျှင်
မင်းကြီးကိုယ်တော်တိုင် ကျိုက်ပွန်စေတီတော်ကို ထီးတော်တင်လှူ၍ ပွဲလမ်းသဘင် ကြီးစွာ ခံတော်မူသည်။
ထို့နောက်
ကျိုက်ပွန်ဘုရားကြီး၏ နမူနာပုံစံတော်များကို ရာဟုထောင့် မဟာတံတိုင်းအပြင်၌ စေတီတည်၍ ဋ္ဌာပနာတော်မူလေသည်။ကျိုက်ပွန်ဘုရားကြီး၏
အင်္ဂါထောင့်တွင် ဇင်္ဂဘောခုံနှင့် ပေတစ်ရာခန့်အကွာ၌ ကျိုက်ပွန်ကျောက်စာကို စိုက်ထူခဲ့သည်။
ကျိုက်ပွန်ဘုရားကြီးသည်
သိကြားမင်းဆက်ကပ်သော ဘုရား(၂၈)ဆူအနက်
နံပါတ်(၁၉)မြောက်ဘုရားကြီးဖြစ်ပြီး ဘွဲ့တံဆိပ်တော်မှာ “အဟံဘန္တေ”ဖြစ်ပါသည်။
“အ၊ဟံ၊ဘ၊န္တေ
ဘွဲ့တံဆိပ်တော်ရ ကျိုက်ပွန်ဘုရားရှိခိုး ဂါထာ”
အရဟတံ စတုန္နမ္ပိ၊
ဟန္တာနံ
ကိလေသာရယော။
ဘဂ၀တံ သဒါ သန္ဒေ၊
တေဇဿိနံ
ယသဿီနံ။
ပုညေနာနေန
သဗ္ဗမ္ပိ၊
သမိဇ္ဈတု
ယထိစ္ဆိတံ။
မြန်မာပြန်အနက်
အရဟတံ
- ပူဇော်သက္ကာ အထူးကို ခံထိုက်ကုန်ထသော၊ကိလေသာရယော - ကိလေသာဟူသော ရန်သူတို့ကို၊ဟန္တာနံ - ဖျက်ဆီးတတ်ကုန်ထသော၊ဘဂ၀တံ - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံကုန်ထသော၊တေဇဿိနံ - တန်ခိုးအရှိန်အဟုန်ကြီးကုန်ထသော၊ယသဿီနံ
- အခြံအရံ များကုန်ထသော၊စတုန္နမ္ပိ - ဘုရားလေးဆူတို့အားလည်း၊သဒါ - အခါခပ်သိမ်း၊၀န္ဒေ - ရှိခိုးပါ၏။
အနေန ပုညေန - ဤသို့ရှိခိုးရသော ကောင်းမှုကြောင့်၊သဗ္ဗိမ္ပိ
- အလုံးစုံသောဆုသည်လည်း၊ယထိစ္ဆိတံ
- အလိုရှိတိုင်း၊သမိဇ္ဈတု
- ပြည့်စုံပါစေသတည်း။
။
ကျိုက်ပွန်ဘုရားကြီးအား
ခေတ်အဆက်ဆက် ပြုပြင်ထန်းသိမ်းခဲ့ခြင်း
သက္ကရာဇ်(၉၀၄)ခုနှစ်တွင် ကျိုက်ပွန်ရုပ်ပွားတော်မြတ်ကြီး
လေးဆူ၏ ရွှေသင်္ကန်းတော်များကို မင်းတရားရွှေထီးက အသစ်ဆက်ကပ် လှူဒါန်းခဲ့သည်။
သက္ကရာဇ်(၉၂၄)ခုနှစ်တွင် ဘုရင့်နောင်မင်းကြီးသည်
ကျိုက်ပွန်တန်ဆောင်းတော်ကြီးကို
သံမှို၊သံမြှောင်၊သမယ်နတို့ဖြင့်
ခိုင်ခံ့စွာပြုပြင်၍ ရွှေပိန်းချပေးတော်မူသည်။သက္ကရာဇ်(၉၂၆)ခုနှစ် သီတင်းကျွတ်လဆန်း(၈)ရက်ထိ (၇)ရက်တိုင်တိုင်လှုပ်သော မြေငလျင်တွင် လဆန်း(၆)ရက်၌
ကျိုက်ပွန်ထိပ်စေတီပြို၍ ရုပ်ပွားတော်ကြီးလေးဆူ အင်္ဂတေကွာသည်ကို ဘုရင့်နောင်မင်းတရားကြီးသည် အမတ် အဘယသင်္ကြန်အား စေလွှတ်၍
ပြုပြင်စေရာ သက္ကရာဇ်(၉၂၆)ခုနှစ်၊နယုန်လပြည့်ကျော်(၂)ရက်နေ့တွင် ပြီးစီး၍
မင်းကြီးကိုယ်တိုင် ထီးသစ်တင်လှူတော်မူလေသည်။
သက္ကရာဇ်(၉၅၂)ခုနှစ်၊တော်သလင်းလတွင်လှုပ်သော ငလျင်ဒဏ်ကြောင့် ကျိုက်ပွန်စေတီတော်ကြီး မြေခသည်ကို နန္တဘုရင်သည် (၉၅၃)ခုနှစ်၊၀ါဆိုလတွင် ထီးအသစ်တင်လှူခဲ့သည်။
သက္ကရာဇ်(၉၆၂)ခုနှစ်၊တန်ခူးလတွင် ဟံသာဝတီကိုတိုက်ခိုက်သော
ရခိုင်တပ်သားများက ကျိုက်ပွန်တန်ဆောင်းကြီးကို မီးရှို့ဖျက်ဆီးပြီးလျှင် ဘုရင့်နောင်မင်းကြီးလက်ထက်က တန်ဆောင်းတော်ကြီးကို ပိုမိုခိုင်ခံ့အောင် ပြုလုပ်ခဲ့သော သံမှို၊သံမြှောင်၊ မယ်နတို့ကို ကောက်၍ ရခိုင်သို့သယ်ကြသည်။
ထိုအချိန်မှစ၍
ကျိုက်ပွန်ဘုရားကြီးလေးဆူမှာ
တန်ဆောင်းတော်ကင်းမဲ့၍ နေပူမိုးခခံနေရသည်မှာ ယခုတိုင်အောင်ပင်ဖြစ်သည်။ယင်းကိုသက္ကရာဇ်(၉၆၃)ခုနှစ်တွင် နိဗ္ဗာန်ကလိုင်သိမ်ကျောင်း
ဆရာတော်ဘုရားကြီး ဦးစီး၍ တပည့် ဒါယကာ၊ဒါယိကာမများက
အင်္ဂတေအသစ်ဆက်ကပ်၍ ထိပ်စေတီကိုလည်း ထီးအသစ်တင်လှူခဲ့သည်။
သက္ကရာဇ်(၁၀၅၈)ခုနှစ်၊တပေါင်းလဆန်း(၆)ရက်၊
တနင်္လာနေ့တွင်လှုပ်သော
ငလျင်ဒဏ်ကြောင့် ကျိက်ပွန်စေတီပြိုသည်ကို ဘုရားအလုပ်အကျွေးများက ဘုရားမြေဆီ ကြေးငွေဖြင့် စေတီအသစ်တင်၍ ထီးတော်တင်လှူခဲ့ကြသည်။
သက္ကရာဇ်(၁၂၁၄)ခုနှစ်တွင် အင်္ဂလိပ်တို့က
ပဲခူးကို သိမ်းပိုက်သောနှစ်တွင် ဘုရားအလုပ်အကျွေးတို့က ကျိုက်ပွန်ဘုရားကြီးအား ပစ်ခွာထွက်ပြေးကြလေသည်။သက္ကရာဇ်(၁၂၄၀)ပြည့်နှစ်တွင် ငလျင်လှုပ်ခါသောကြောင့်
ထိပ်စေတီ ခေါင်းလောင်းပုံအထိ ပြိုကျပျက်ဆီးခဲ့သည်။ရုပ်ပွားတော်ကြီးလေးဆူမှာလည်း
အချို့မှာ ခေါင်းတော်ပဲ့၊အချို့မှာ လက်မောင်းတော်ပြုတ်၊အချို့မှာ ပခုံးတော်ပဲ့ ဖြစ်ရရှာလေသည်။ပြုပြင်သူကင်းမဲ့၍
တန်ခိုးရောင်ရှိန် ညှိုးမှိန် တိမ်မြှပ်လုလုဖြင့် ဆင်းရဲပင်ပန်းကြီးစွာ တောအုံချုံကြားတွင် စံနေတော်မူရရှာသည်။
သက္ကရာဇ်(၁၂၉၂)ခုနှစ်(ခရစ်သက္ကရာဇ်
၁၉၃၀)၊ကဆုန်လတွင်လှုပ်ခဲ့သော ပဲခူးငလျင်ကြီးကြောင့် ကျိုက်ပွန်ရုပ်ပွားတော်ဆင်းတုကြီးများ
ကျိုးပဲ့ပျက်ဆီးခဲ့ကြပြန်သည်။ထိပ်စေတီမှာလည်း
ဖိနပ်တော်အထိ ပြိုကျပျက်စီးခဲ့သည်။
သက္ကရာဇ်(၁၂၉၂)ခုနှစ်(ခရစ်သက္ကရာဇ်
၁၉၃၁)တွင် အရှေ့မျက်နှာ ရုပ်ပွားတော်ကြီးကို
မြေစာရင်းအဖွဲ့မှလည်းကောင်း၊တောင်မျက်နှာ
ရုပ်ပွားတော်ကြီးကို ပဲခူမြို့အုပ်မင်း ဦးဘတိုး မိသားစုကလည်းကောင်း၊အနောက်မျက်နှာ
ရုပ်ပွားတော်ကြီးကို စေတနာရှင်တို့ ထည့်ဝင်ငွေတို့ဖြင့်လည်းကောင်း၊မြောက်မျက်နှာ
ရုပ်ပွားတော်ကြီးကို ၀န်ထောက်ဦးဘိုးသစ် မိသားစုက လည်းကောင်း ပြန်လည်ပြုပြင်ခဲ့ကြသည်။
၁၉၄၅ခုနှစ်၊မြန်မာသက္ကရာဇ်(၁၃၀၇)ခုနှစ်တွင် ဂျပန်စစ်တပ်ကို
တိုက်ထုတ်သောဗြိတိသျှစစ်တပ်ကြီး၏
တပ်ခွဲတစ်ခုဖြစ်သည့် အမှတ်(၈၇)အိန္ဒိယစစ်တပ်သည်
ဂျပန်စစ်သားအကြွင်းအကျန်များကို
သုတ်သင်ရန်ဆိုပြီး၊ကျိုက်ပွန်ဘုရားအတွင်းသို့ဝင်ရောက်ကာ
အနောက်ဘက် ကဿပဘုရား ရုပ်ပွားတော်မြတ်ကြီး၏ဋ္ဌာပနာလိုချင်၍
ရင်ဝကိုဖောက်ဖျက်ကြသည်။ကျိုက်ပွန်မင်းကျောင်းဆရာတော်နှင့်
အဖွဲ့မှပုဂ္ဂိုလ်များက မဟာမိတ်တပ်ထိန်းများသို့ တိုင်းကြားသဖြင့် ဆက်လက်အဖျက်မခံခဲ့ရသော်လည်း အနောက်ဘက်ရုပ်ပွားတော်မှာ အထက်ပိုင်းမှ ပြိုကျပျက်ဆီးသွားလေတော့သည်။
ဒုတိယကမ္ဘာစစ်ကြီးပြီးသောအခါ
စစ်အတွင်းက ကြေးစားစစ်သားများ ဖျက်ဆီးသွားသော ရုပ်ပွားတော်ကြီးအတွက် အင်္ဂလိပ်အစိုးရကပေးသော လျော်ကြေးငွေနှင့်
မြေစာရင်းအဖွဲ့ပိုင်ငွေတို့ဖြင့်
အုတ်မဏ္ဍိုင် တံကဲကြီးကို တည်ဆောက်ခဲ့သည်။စစ်ကြီးပြီး၍ ရုပ်ပွားတော်ကြီးကို ပြန်လည်တည်ဆောက်ရန် အင်အားတတ်နိုင်ခြင်း မရှိသေးပါ။၁၉၇၄ခုနှစ်၊မြန်မာသက္ကရာဇ်
၁၃၃၅ခုနှစ်၊တပေါင်းလတွင် ကလေးဝဆရာတော်ဦးစီးသော စေတနာရှင်တစ်စုသည် ကျိုက်ပွန်ရုပ်ပွားတော်ကြီးများ ကျောမှီရာ မဏ္ဍိုင်ထိပ်ပေါ်တွင် စေတီငယ်တစ်ဆူ လာရောက်တည်ကြသည်။၁၃၃၆ခုနှစ်၊တန်ခူးလဆုတ်(၁၀)ရက်
၊မြန်မာနှစ်ဆန်းတစ်ရက်
(၁ ဧပြီ ၁၉၇၄) နေ့တွင်
ထိုစေတီငယ်ပြိုကျ၍ အနောက်ဘက်အုတ်မဏ္ဍိုင်တံကဲကြီး ပြိုကျ ပျက်ဆီးခဲ့သည်။
၁၉၅၇ခုနှစ်တွင်
ကျိုက်ပွန်ဘုရားကြီး၏နှစ်(၅၀၀)ပြည့် ဗုဒ္ဓပူဇနိယပွဲတော်တွင်
အနောက်ဘက် ကဿဖရုပ်ပွားတော်ကြီးအား ပန္နက်ရိုက် အုတ်မြစ်ချခဲ့ပြီး ဘုရားကြီးအား ဆက်လက်တည်ခဲ့ရာ ၁၃၄၇ခုနှစ်၊ပထမ၀ါဆိုလပြည့်နေ့ (၂-၇-၁၉၈၅)တွင် ပြီးမြောက်ခဲ့၍ ဗုဒ္ဓဘိသေက
အနေကဇာတင်ပွဲ အခမ်းအနားကို ကျင်းပနိုင်ခဲ့လေသည်။
။
ကျိုက်ပွန်ဘုရားသမိုင်းများမှ
ထုတ်နှုတ်တင်ပြသည်။
No comments :
Post a Comment
တစုံတယောက်....တခုခုရရှိသွားပါသည်......။