တကယ်တော့…ဒါက
ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်းတပုဒ်ပါ..ဇာတ်လမ်းဖွဲ့စရာ ဇာတ်အိမ်မရှိခဲ့သလို
တည်ဆောက်ဖို့လဲ အကြောင်းအရာမလုံလောက်ခဲ့ဘူး……ဒါပေမယ့် တဖက်သတ်စကားလုံးတွေနဲ့
ပဲနံရံလေးဖက်ကျကျတည်ဆောက်ခဲ့ပါတယ်…။ နားလည်သူရှိရှိမရှိရှိ ဇတ်လမ်းလေးကိုကြည့်ပြီး
ငြိမ်သက်တွေးနေပေးရင်ပဲကျေနပ်ပါပြီ…။
..............................
သံစဉ်….(သို့မဟုတ်)
အသံအ..ဂီတ
ပလုံ..
ရေကန်ထဲကိုပြုတ်ကျသွားတဲ့
ကျောက်စရစ်လုံးလေးအသံက သူ့နားထဲဂီတသံတခုရဲ့ဒိုရေမီဖာလိုကြားယောင်သွားတယ်။
ဟုတ်တယ်ဒါသူရဲ့ဂီတသံပဲ..
ဘာမှမရှိတဲ့အခန်းကျဉ်းထဲမှာ
သူနားဆင်စရာ သူလက်နဲ့ဖန်တီးထားတဲ့ဂီတသံဆိုလို့ ဒါလေးပဲရှိတယ်။
ဒါသူ့ရဲ့သာယာနာပျော်ဖွယ်…ဒါသူရဲ့ပျော်ရွင်ခြင်း..
သူကျောက်စရစ်ခဲလေးတွေကို
လက်လေးနဲ့ထိတို့ကြည့်လိုက်တယ်..။
ရှိတာတွေတော့ရှိပါရဲ့....။
သူ့လက်တွေလှုပ်လိုက်တိုင်း
ညည်းတွားဂီတသံထွက်ပေါ်တတ်တဲ့.. ခပ်ဟောင်းဟောင်းတွန်းလှည်းတစီးရယ်။
သူရဲ့လက်တစ်ကမ်းလောက်မှာ ပင်လယ်ပြင်ထင်ပြီး အသံတိတ်ကူးခတ်နေကြတယ့်
ရွှေငါးတသိုက်ရယ်…။ သူကိုယ်တိုင်မခင်းထားတဲ့…သူထင်ပါတယ်
ပိုးကောင်တွေကြမ်းခင်းဖြစ်နေမယ့် သူ့အိမ်ယာတစ်စင်းရယ်..။ သူ့အတွက်
အသုံးမ၀င်တာတွေထမ်းပိုးထားတဲ့ ဘီဒိုတစ်လုံးရယ်..။ သူမသောက်ချင်ပဲ
သူ့နှုတ်ခမ်းနားတေ့တေ့နေရတယ့် ဖန်ခွက်တစ်လုံးရယ်..။ ဆောင်းရာသီဆို
မြောက်လေတွေဝင်ဝင်လာတတ်တဲ့ ပြတင်းပေါက်တွေရယ်..။ နောက်..သူဘယ်တော့မှထွက်လို့မရတဲ့
တံခါးမတစ်ချပ်ရယ်..။
အင်း…………
သူစိတ်အတွေးတွေ
ခဏခဏထွက်ပြေးတတ်တဲ့..ပြတင်းတစ်ခုတော့ သူ့အနားမှာရှိလေရဲ့…ဒါကြောင့်လဲ
သူလက်တွေဆန့်တန်းပြီး သံစဉ်တွေဖန်တီးလိုရနေတာလေ…နောက်..အဲဒီအရာတွေထည့်သိမ်းပြီး
အေးစက်စက်အနမ်းတွေပေးတတ်တဲ့
မီးထွန်းလဲမှောင်မိုက်နေတတ်တဲ့..အိမ်ခန်းတခုရယ်…။
ဒါပါပဲ…
သူနေတာ
အဲလိုအရာတွေစုပေါင်းနေတဲ့..တိုက်ခန်းတစ်ခု…။
တကယ်ဆိုသူက
အောက်ပိုင်းသေဝေဒနာရှင်တစ်ယောက်လေ…။
ဒီမှောင်မိုက်နေတဲ့အခန်ကျဉ်းလေးထဲမှာ
သူအကျဉ်းကျနေတာကြလှပေါ့…ပြက္ခဒိန်ကိုသူမကြည်မိတော့ပါဘူး.. သူရဲ့အချိန်တွေကို
သူမရေတွက်မိတာကြာပြီ…။ သူခြေထောက်တွေလဲမြေကြီးနဲ့မထိတာကြာပြီ….။ပြင်ပလေကိုလဲ
မရှုရိုက်ရတာကြာပြီ…။ ငှက်ကလေးတွေ ပျံသန်းတာတွေ…သစ်ရွက်လေးတွေ
ကြွေတာတွေ…တီးတိုးတီးတိုးပြောနေကြမယ့်လူတွေရဲ့
စကားသံတွေ..အချိန်အခါမဟုက်ကြွေကျမယ့် မိုးစက်တွေ….
အားလုံးကိုသူကျောခိုင်းခဲ့တာကြာပေါ့….။မနက်ဖြန်တောင်ရှိရဲ့လားဝိုးတိုးဝါးတားပဲ…
ဟင်း……..
သူ့သက်ပြင်းတွေသိမ်းဆည်းပြီး
စုဆောင်းလိုက်ရင် ကမ္ဘာတစ်ခုလုံးကိုလဲကျနိုင်လောက်မယ့်အစိုင်အခဲလောက်ရှိနေလိမ့်မယ်…သူ့ဘ၀ကိုအဲ့လောက်ထိ
အထီးကျန်ခြင်းတွေဘောင်ခတ်ထားတယ်….။ ခုဆိုသူ..အသက်တောင်ရှုတတ်ရဲ့လားမသိပါဘူး…။
နေထိုင်ခြင်းကိုသရုပ်ခွဲကြည့်တော့..သူနေထိုင်ခြင်းကအဓိပ္ပာယ်မရှိသလိုပဲ..
ဒါဆိုသူဘာကြောင့်နေထိုင်နေတာလဲ…..။
ဒီလိုပါပဲ..တစ်ခါတစ်လေများအဓိပ္ပာယ်ရှိမလား..သူစောင့်ဆိုင်းနေမိတာပါ…
ဟော…ပြောရင်းဆိုရင်းပဲအသံကြားပြီ…။
အင်းဟုတ်တယ်..သူအမြဲတမ်း
အချိန်မှန်စောင့်မျှော်နေကြအရာတစ်ခုရှိသေးတယ်…အဲ့ဒီအရာက အရောင်စုံတဲ့သူတွေကို
ဝမ်းဗိုက်ထဲသယ်ဆောင်ရင်း တာဝန်ကျေအချိန်မှန်ပြေးလွားတတ်တဲ့........တစ်ချက်တစ်ချက်….ညည်းငြူသံလား..ပျော်ရွှင်သံလားမကွဲပြားတဲ့..မြို့ပတ်ရထားတစင်း..။
အခုသူလာနေပြီ…။ဘယ်သံညာသံတွေပေးလို့….။
ဘယ်သူမှတာဝန်မပေးထားပဲ..သူစိတ်ဝင်စားစောင့်မျှော်လိုက်တယ်…။
ထိုအရာကလည်းသူအတွက်..ဂီတသံတစ်ခုပါပဲ…။
ငြိမ်သက်ရင်းသူ့စိတ်တွေကိုအဲဒီဆီပို့လွတ်လိုက်တယ်..။အဲ့ဒီထဲမှာသူပြောချင်တဲ့စကားသံတွေပါတယ်…။
ကမ္ဘာလုံးကိုသူလိုက်မပြောနိင်ပေမယ့် အနည်းဆုံးသူ့စကားသံတွေကို
မြို့တစ်ပတ်သယ်ဆောင်ပြီးကြားပေးစေနိုင်ရင်ကျေနပ်ပြီ…။
သူအားကျရတာတွေသူလုပ်ချင်တာတွေ…သူမျှော်လင့်တာတွေ..သူ့ဆန္ဒတွေ…အို…...
သူခံစားချက်တွေအားလုံးအားလုံး..နောက်..သူလမ်းလျှောက်ချင်တာတွေ….
အခွန်းပေါင်းများစွာထဲကတစ်ခွန်းတလေပဲဝဲပျံသွားရင်ရပြီ..။
ဟော..တဖြည်းဖြည်းဝေး..ဝေး..သွားပြီ…။
သူ့မျက်စိရှေ့ကနေ…အပြာရောင်ရထားလုံးတစ်စင်း
မြင်းခြောက်ကောင်မဆွဲပဲဝေးဝေးသွားပြီ..။
သူ့ဆီမှာ..သက်ပြင်းတွေသာဝေ့၀ိုက်ကျန်ခဲ့လေရဲ့..။ သူခဏတော့ဓာတ်ပုံရိုက်ထားသလို
ဖြစ်နေဆဲမြင်ကွင်းကိုငေးကြည့်နေမိသေးတယ်..။ သူ့လက်ချောင်းတွေက
ကျောက်စရစ်ခဲလေးတွေကိုထိမိတော့မှ…သူသတိဝင်လာမိတယ်…။
သူရဲ့ပျင်းရိမှုတွေကို..ပျင်းရိစွာဖြေဖျော်ရအုံးမယ်..။
ကျောက်စရစ်ခဲတစ်လုံးကို
တင်းကျပ်စွာဆုတ်ကိုင်ပြီး သူ့လက်တွေကိုထုံးစံအတိုင်းပဲ..ဆန့်တန်းလိုက်တယ်..။
သူဆီကပို့လွတ်လိုက်မယ့်…တီးခတ်သံကို မြည်တီးပေးမယ့် ရေကန်ကျဉ်းကျဉ်းလေးက
သူတိုက်အောက်မှာအဆင့်သင့်…။
ခုဆိုရင်မရေမတွက်နိုင်တဲ့..သူတီးခတ်မှုတွေ...ရေကန်လေးရဲ့အောက်မှာ..တော်တော်များများအနည်တွေထိုင်နေလောက်ပြီ….။
ဘယ်တတ်နိုင်မလဲ..အားနားပေမဲ့..သူ့မှာအဖော်ပြုစရာဒါလေးပဲရှိလို့ပါ…။ သူ့ကြောင့်တော့
ကန်လေးကအလွမ်းနဲ့လျှံတက်သွားမယ်မထင်ပါဘူး…..။
သူ့အဓိပ္ပာယ်မရှိစွာတွေးရင်းလွှတ်ချတော့မယ်ဆဲဆဲပဲ..
ဟင်………
ဆန့်တန်းလိုက်တဲ့လက်လေးတွေ
လေထဲမှာကြက်သေသေသွားတယ်…။
သူရင့်ဘတ်..သူ့ရင်ဘက်ထဲမှာ..ခြူသံ…ခြူသံတွေ…။
ခြေဖျားလက်ဖျားတွေချက်ချင်းအေး…အေး..စက်လို့ ။
ဘယ်နှစ်စက္ကန့်ရှိပြီလဲ..သူ..သူ..အသက်အောင့်ထားမိတာ…။
မဟုတ်ဘူး…သူ့အသက်ရှုဖို့မေ့တာ…..။
ရေကန်..ရေကန်..အောက်ကသစ်ပင်ရိပ်လေးတခုခုမှာ..ကောင်လေး..ကောင်လေးတစ်ယောက်……။
ငါမျှားတံတချောင်းကိုကိုင်လို့….။
သူ့အဓိပ္ပာယ်တွေချက်ချင်းဖွင့်လိုက်မိတယ်သိလား…
သူ့ဆံနွယ်တွေကခွေခွေလေးတွေ…..။
မျက်မှန်တပ်ထားတဲ့နဖူးရဲ့အထက်မှာ
စန္ဒယားလက်တံလေးတွေလိုဝဲကျနေတာ…မြားတံစင်းလိုဖြောင့်တန်းနေတဲ့နှာတံ….။
ဘာလို့နှုတ်ခမ်းတစုံကတိတိရိရိဖြတ်ထားတဲ့လှိုင်းတံပိုးတခုလို့ညီညာနေရတာလဲ….။
အား….သူတကိုယ်လုံးတင်းကျပ်လိုက်တာ….။သူဘာဖြစ်သွားတာလဲ…
မသိဘူး..အဲ့ဒီအဓိပ္ပာယ်သူမသိ..ဘူး…။
ဒါပေမဲ့သူအတွက်အဓိပ္ပာယ်ရှိလာသလိုပဲ..။ သူ့နေထိုင်ခြင်းရဲ့ပထမဆုံးအဓိပ္ပာယ်…။
အသက်ရှုသံတွေပြန်ရမှ..သူဘာလုပ်ရင်ကောင်းမလဲလို့စဉ်းစားမိတယ်…သူအတွေးတွေ..သူအတွေးတွေထဲမှာကောင်လေးကစိုးမိုးသွားတယ်…ပထမသူ့ရည်ရွယ်ချက်က
သူ့အထီးကျန်မှုတွေကို သံစဉ်တွေတီးခတ်ပြီးဖြေဖျောက်မလို့…။
အခုမဟုတ်တော့ဘူး…သူတစ်ခုခုလုပ်ချင်လာတယ်…။ အဓိကကကောင်လေးကို
သူ့ကိုမြင်စေချင်တယ်...။ သူဒီနေရာလေးမှာရှိမှန်းသိစေချင်တယ်….။
ပြီးတော့….ပြီးတော့ဒါဘာကြောင့်လဲ…သူမသိ....
သူ့ကိုယ်သူတောင်အံ့သြသွားတယ်…။သူ့ရဲ့သမာရိုးကျတစ်နေ့တာပြောင်းလဲကုန်ပြီ ။ ဒါကအဓိပ္ပာယ်ပဲလား…။
သူဘာလုပ်ရမလဲ..သူဘာလုပ်နိုင်လဲ..ကစင့်ကလျားအတွေးတွေပြန့်ကျဲကုန်တာဒါပထမဆုံးပဲ….။
သူ့လက်ထဲဆုပ်ကိုင်တားတဲ့
ကျောက်စရစ်ခဲလေးကသူ့မသိစိတ်တွေနဲ့အငွေ့တွေပျံဆဲ..။
သူ့ဆုံးဖြတ်လိုက်တယ်..သူ့ရင်ခုန်သံ…သူ့အတွေးတွေ..သူ့မျှော်လင့်ချက်တွေအတွက်
သူ့မတိုင်တည်စဖူးတိုင်တည်လိုက်တယ်…။ ဘယ်သူကိုမှမဟုတ်ဘူး ။
သူကိုင်ထားတဲ့ကျောက်စရစ်ခဲ့လေးကို….။ ဆန္ဒ..သူ့ဆန္ဒက..
ကောင်လေးသူ့ကိုမြင်ပါစေ…..
သူအံကြိတ်ပြီး…တေးသံတွေဖန်ဆင်မယ့်
အရာဝတ္တုလေးကိုရေကန်လေးဆီလွတ်ချလိုက်တယ်…။ သူ့ရည်ရွယ်ချက်ကတော့မတူတော့…ဘူး…
ကျောက်စရစ်လေးက
လေအဟုန်ကိုခွင်သွားပေမယ့် သူ့စောင့်ဆိုင်းမှုကြောင့် ကြာနေတယ်..
သူ့နားဆင်ချင်တာတေးသံအပြင်……..နောက်…..ကောင်လေးရဲ့….ကောင်လေးရဲ့
…………………………………………
အလင်းမျှားသူ..(သို့)
ငါးမျှားသူ…
ပလုံ…
ရေကန်ထဲကို
တစ်ခုခုပြုတ်ကျသံကို သူကြားလိုက်ရတယ်….။ ဘယ်အရာလဲမသိတာကြောင့်
သူနားစွင့်မိလိုက်တယ်…အသံကတော့သူနဲ့မလှမ်းမကမ်းပဲ….။
ဒါပေမဲ့ကျသွားတာရေကန်ရဲ့အစပ်နားလား အလယ်နားလားသူမသိဘူး…ရှင်းရှင်းပြောရရင်
ရေကန်ရဲ့အကျယ်အ၀န်းကိုတောင် သူမသိဘူး….။ သူလက်ထဲကငါးမျှားတံကိုပဲ
ဆကာဆကာလှုပ်လိုက်တယ်…သူငါးမျှားနေတယ်ဆိုပါတော့….။
ဒါပေမဲ့သူ့ငါးမျှားတံမှာ
ငါးစာမပါတာဘယ်သူမှမသိဘူး…။
ပြီးတော့သူ့ရဲ့ငါးမျှားတံကလဲ..သူအတွက်အဖော်တခုဖြစ်တယ်ဆိုတာ ဘယ်သူမှမသိဘူး…
ဒါဆိုသူ…ငါးစာမပါတဲ့ငါးမျှားတံတချောင်းကိုကိုင်ပြီး
ဘာထိုင်လုပ်နေတာလဲ….။
မျှားတာတော့မျှားနေတာပဲ…
လောလောဆယ်တော့ ရေအောက်ကမမြင်ရတဲ့အရာကိုမျှားမိတယ်…..
နောက်ကျရင် ကောင်းကင်ကပျံနေတဲ့ငှက်တွေမျှားမယ်…
မြေပြင်ပေါ်လျှောက်ပြေးနေတဲ့သူတွေမျှားမယ်….။ ရန့တွေသင်းနေတဲ့ပန်းပွင့်တွေရဲ့
အရောင်တွေမျှားမယ်….။
ခက်တာက
တပ်ရမဲ့ငါးစာတွေကို သူရှာတွေ့သေးဘူး…။ ဘယ်တော့မှရှာတွေမှာလဲဆိုတာလဲသူမသိဘူး…ဒါပေမဲ့သူများကြည့်တာမှားသလား…။ပြီးတော့ဘာဖြစ်လို့အဲ့ဒါတွေကိုမျှားချင်ရတာလဲ….။
အဖြေတခုပဲရှိတယ်…..
မြင်ချင်လို့……
ဟုတ်ပါတယ်..မမြင်ရတဲ့အရာတွေမျှားနေသူတစ်ယောက်က
သူမမြင်လို့ပါ…
အဲဒီမမြင်တဲ့သူက….သူ….။
သူကမျက်မမြင်တစ်ယောက်ပဲဆိုပါတော့….။
စမ်းတ၀ါးဝါးလမ်းမှာ
တုတ်ကောက်တစ်ချောင်းကိုင်ကာ
တိုက်ပွဲဝင်နေရသူတစ်ယောက်…ကိုယ့်ခြေထောက်ပေါ်ကိုတော့ကိုယ်ရပ်တည်လိုရပါရဲ့….။
လက်ထဲသာတစ်စုံတစ်ရာမရှိရင် သူမှာဘာမှမရှိတော့ဘူး…အာကာသဟင်းလင်းပြင်ထဲရပ်နေမိသလို
မှောင်မိုက်လို့….။
သူ့ခြေတစ်လှမ်းစာကိုသူကြိုမသိနိုင်ဘူး…ရှောင်လို့မရမယ့်အတားအဆီးတွေ အချိန်မရွေးကျရောက်လာနိုင်မဲ့သူ….
ကသောင်းကနင်းပါပဲ…
ကောင်ကင်ကငှက်တချို့
အော်ဟစ်ဖြတ်ပျံသွားသံကြားလိုက်ရတယ်…..။ ဒါပေမဲ့ဘာငှက်လဲသူမသိဘူး….။
မြေပြင်မှာလဲ..အကောင်တချို့ရှပ်တိုက်သံကို ကြားရတယ်…။
ဒါပေမယ့်ဘာအကောင်မှန်းသူမသိပါဘူး….။ ရေထဲမှာရော….
ပလုံ….
ဒီအသံလေးပဲထပ်ကြားရပြန်ပြီ…..။
ဒီတစ်ကြိမ်တော့ သူနားစွင့်ယုံတင်မဟုတ်ပဲခေါင်းပါထောင်မိတယ်…သူမျှားကြည့်ချင်တာ
နောက်တစ်ခုတိုးလာပြန်ပြီ....
ပလုံ…..
ဒီတစ်ခါတော့
ခပ်စိပ်စိပ်လေးကြားလိုက်ရတယ်…။ထူးဆန်းစွာပဲရေလှိုင်းတွေရဲ့ ဘောင်ဘင်ခတ်သံတွေ….။
နောက်…ရေပြင်နဲ့ထိတွေ့လိုက်သံ….။ အားလုံးကဂီတသံတခုလို
သူ့နားဝင်ချိုသွားမိတယ်…ရင်ဘတ်ထဲလှပ်ခနဲဖြစ်သွားသလိုပဲ..ဘယ်သူလဲ.ဒီတေးသံကိုဘယ်သူတီးခတ်နေတာလဲ…..။
ပလုံ….
သူဆတ်ခနဲတောင်ဖြစ်သွားမိတယ်.။
ဒီတကြိမ်နဲနဲကျယ်လောင်သလိုပဲ….။ အားပြင်းမာန်ပြင်းတဲ့ဂီတသံလိုမျိုး….။
သေချာတယ်..ဒါတစ်ယောက်ယောက်တီးခတ်နေတာ..သွေးအေးလှတဲ့သူကိုယ်သူတောင်
မယုံနိုင်ဖြစ်သွားမိတယ်… သူစိတ်လှုပ်ရှားနေမိပြီ….။
သူသင်္ကေတပြုမတ်တပ်ရပ်လိုက်မိတယ်….ငါးမျှားတံကသူ့လက်ထဲမှာတဆတ်ဆတ်တုန်လို့….
မမြင်ရမဲ့အရာတွေမျှားမယ့်စိတ်ကူးတွေ အစားဒီတခုပဲသူမျှားနေချင်တယ်..။
မှောင်မိုက်ခြင်းကိုကြိတ်ပြီးအပြစ်တင်လိုက်မိတယ်…ဒါပထမဆုံးပဲ.....
မျှားလို့မရခြင်းကိုသူစိတ်ပျတ်မိတာ ။ ဒီတေးသွားရဲ့ညွှတ်ကွင်းက
စွမ်းအားကြီးမားလှပါလား…..
နောက်…..
သူပထမဆုံးပဲ..အကူအညီတောင်းလိုက်တယ်…။
“
ဒီနားမှာ..ဘယ်သူရှိလဲ….”
မျက်မှန်နက်တစ်လက်တပ်တားတဲ့
သူ့ဆီကဒီလိုစကားထွက်လာရင် တခုခုပြန်ပြောသံတောကြားရမှာပါ…သူစိတ်ထင်တာက
သူနားကတစ်စုံတစ်ယောက်လုပ်တာပဲထင်နေတာ…ဒါပေမဲ့ပြန်ဖြေသံမကြားရဘူး..ဒီတော့အဖြေက..သူအနားမှာတစ်ဦးတစ်ယောက်မှမရှိဘူးပေါ့
…ပလုံ…
သံစဉ်ကပြင်းပြင်းပြပြထွက်ပေါ်လာနေပြန်တယ်…..။
အဲဒီအသံကသူနားထဲဖြတ် သူ့ရင်ထဲစူးစူးနစ်နစ်ကိုစီးဆင်းနေပြီ…
သူငါးမျှားချင်စိတ်မရှိတော့ဘူး….။
ဒီအရာဟာသံစဉ်တခုဆိုသူသံစဉ်ငါးမျှားချင်ပြီ…ဘယ်ကလဲ..ဘယ်နေရာကလဲ..ပြီးတော့ဘယ်သူဆီကလဲ..အဲဒီမေးခွန်တွေအတွက်
သူ့အမှောင်ကိုဖြိုခွဲချင်လာတယ်…ဒါဘာများဖြစ်လိမ့်မလဲ…
သူအသံလာရာဆီကိုပဲ..တိတ်တဆိတ်ငေးကြည့်လိုက်မိတယ်…။အသံတစ်ခုရဲ့တည်ဆောက်ပုံ…အလုံးလား..လေးထောင့်လား..သူမကွဲပြားခဲ့ဘူး…လှိုင်းတခုရဲ့တည်ဆောင်ပုံတမ်းချင်းကိုတော့
သူမက်မက်မောမောရွတ်ဆိုချင်နေမိတယ်…
ဘယ်သူဘယ်ဝါဘာကြောင့်ဖြစ်ပေါ်နေမှန်းမသိတဲ့..ရင်ခွင်းလှိုင်းလေး….။
ဒါပေမဲ့..သူဘာမှမတတ်နိုင်ခဲ့ဘူး….။သူငါးမျှားချိတ်မှာအစာမှမပါခဲ့တာ…တကယ်လို့တစ်ခါသုံးအလင်းတစ်ခုလောက်ချိတ်ခဲ့မိရင်လဲအကောင်းသား…ပထမဆုံးပဲ
သူရင်ထဲရောက်နေတဲ့ သံစဉ်ရဲ့တီးခတ်သူပိုင်ရှင်ကိုကြည့်ချင်မိနေခဲ့တာ….။
သူဘာမှမတတ်နိုင်ခဲ့ပါဘူး…။ငေးကြည့်ပုံဖော်ရုံနေလေးပဲ….။ရင်အစုံကလှုပ်ခတ်လို့ပေါ့…တစ်ချက်ကြားလိုက်တိုင်းတစ်ချက်ငြိမ့်ခနဲပဲ….
...ပလုံ…
အသံကလေးကဆက်လက်ပွက်ထမြည်ဟီးနေတုန်း…။တစ်ကြိမ်ပြီးတစ်ကြိမ်….တစ်သံစဉ်ပြီးတစ်သံစဉ်မရိုးနိုင်အောင်ပြောင်းလဲဆဲ…။
ငါးမျှားတံလေးကသူတုတ်ကောက်အသွင်မသိမသာပြောင်းသွားတယ်….။အပြင်မှာမှောင်နေပြီလားသူမသိပါဘူး…ဒါပေမယ့်
အသံတွေအားလုံးတိတ်မှသူ့လှည့်ထွက်ခဲ့တယ်…။ သူနားထောင်နေတဲ့သံစဉ်တွေ
ပြီးလောက်ပြီထင်တော့မှသူကျောခိုင်းခဲ့တယ်…။ ပြီးတော့နောက်နေ့လဲသူထပ်လာအုံးမယ်….။
သူလာမျှားဖြစ်အုံးမယ်လေ…
တစ်နေနေတော့မိမယ်ထင်တာပဲ….။ဘာအစာမှတပ်ထားတဲ့…သူ့ငါးမျှားချိတ်မှာတချိန်ချိန်တော့တစ်ခုခုမိကောင်းမိပါစေရဲ့…။
ဟုတ်တယ်..သူပြန်လာအုံးမယ်….။
ခုတော့ဒီရေကန်လေးရဲ့ဘေးနားမှာ တစ်ခုခုသိမ်းဆည်းပြီး တစ်ခုခုသူယူသွားမယ်…ဒါလေးပဲ….။
……………………………………..
နောက်ဆုံးကောင်လေးကလဲကောင်မလေးဆီမရောက်ခဲ့သလို..ကောင်မလေးကလဲ ကောင်လေးဆီမရောက်ခဲ့ပါဘူး ။ ဒါပေမယ့်…ကျောက်စရစ်ခဲလုံးလေတွေကတော့ကျမြဲကျဆဲ…သံစဉ်တွေကထွက်မြဲထွက်ပေါ်နေဆဲ..ကောင်လေးကလဲနားထောင်မြဲနားထောင်နေဆဲ….။
“
ကောင်းလေးရေ…ငါမင်းကိုချစ်တယ်..”
“
သံစဉ်လေးရေ….မနက်ဖြန်တွေငါလာအုံးမယ်…”
ကန်ပြင်အနီးနားမှာတော့…..ထိုအသံတိတ်တွေ..ပျံဝဲလို့…….။
နေကောင်းကင်နီ
No comments :
Post a Comment
တစုံတယောက်....တခုခုရရှိသွားပါသည်......။