မြတ်စွာဘုရား
လက်ထက်တော်က အညတရာ အမျိုးသမီးလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ အညတရာ ဆိုတာ
မထင်ရှားတဲ့သူလို့ အဓိပ္ပါယ်ရပါတယ်။ သူက မိထွေးတော် ဂေါတမီဆီမှာ အလုပ်အကျွေး
အပျိုတော် အဖြစ် အမှုထမ်းပါတယ်။ မိထွေးတော် ဂေါတမီ ရဟန်းပြုသွားတဲ့
အခါမှာလည်း သူက သခင်မနဲ့အတူ လိုက်ပြီး ရဟန်း ပြုခဲ့ပါတယ်။ ရဟန်းပြုတော့လည်း
အညတရာ ထေရီလို့ပဲ နာမည်တွင်ခဲ့ပါတယ်။ သခင်မကို သံယောဇဉ်ရှိလို့ လိုက်ပြုတာ
ဖြစ်တဲ့အတွက် သာသနာမှာ မပျော်ခဲ့ပါဘူး။ နှစ်ဆယ့်ငါးနှစ် ပတ်လုံး
ကာမရာဂစိတ်တွေ နှိပ်စက် နေတဲ့အတွက် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်
စာလောက်တောင် သမာဓိ မရဘူးလို့ ဆိုပါတယ်။ စိတ်တွေက အိမ်ရာ တည်ထောင် ကာမဂုဏ်
ဘက်ကိုပဲ ညွတ်နေခဲ့ပါတယ်။
တစ်နေ့မှာတော့ ကာမရာဂ စိတ်တွေ နှိပ်စက်လွန်းလို့ လက်မောင်း နှစ်ဘက်ကို မြှောက်ပြီး ငိုကြွေးရင်း ဓမ္မဒိန္နာထေရီဆီ ပြေးသွားပါတော့တယ်။ ဓမ္မဒိန္နာထေရီဆီရောက်တော့ ကာမရာဂစိတ်တွေ နှိပ်စက်လို့ ငိုရတဲ့ အကြောင်း လျှောက်ပြပါတယ်။ ဒီတော့ဓမ္မဒိန္နာထေရီကခန္ဓာ, အာယတန, ဓာတ်တရားစကားတွေ ဟောပေးခဲ့ ပါတယ်။ အညတရာထေရီလည်း ဆိတ်ငြိမ်ရာ အရပ်ကိုသွားပြီး ဓမ္မဒိန္နာထေရီ သင်ပေးလိုက်တဲ့ ကမ္မဋ္ဌာန်း နည်း အတိုင်း ကြိုးစား အားထုတ် ပါတော့တယ်။ နေ့ညမပြတ် ကြိုးစား အားထုတ်လိုက်တာ မကြာခင် ကာလမှာပဲ အာသဝေါကုန်ခမ်းပြီး အဘိဉာဏ် ခြောက်ပါးနဲ့တကွ ရဟန္တာမ ဖြစ်သွားပါတော့တယ်။ ရဟန္တာမဖြစ်သွားတော့ သူ့ဘဝ ဇာတ်ကြောင်း ဖြစ်စဉ်တွေကို ဂါထာလေးတွေနဲ့ ပြန်ဟောပြပြီး မှတ်တမ်း တင်ခဲ့ပါတယ်။
(ထေရီအဋ္ဌကထာ၊ စာမျက်နှာ ၇၈-၇၉)
နောက်ဆုံးကျတော့လည်း ဝိပဿနာကပဲ လက်ရှိဘဝပြဿနာကို ဖြေရှင်း ပေးလိုက်တာပါပဲလေ။ ရှေးရှေး ထေရီထေရာ အရှင်မြတ်တွေဟာ ဘဝပြဿနာ လောကဓံ ဆိုးတွေကို ဝိပဿနာနဲ့ပဲ ဖြေရှင်းသွား ကြတာပါ။ ဝိပဿနာ လမ်းကြောင်းပေါ်လျှောက်လို့ ဆိုင်ရာမဂ် အဆင့်ဆင့်ကို ရသွားတဲ့အခါမှာတော့ ဘယ်သော အခါမှ နောက်ကြောင်းပြန် မလှည့်တော့ပါဘူး။ အေးငြိမ်းတဲ့ ဘဝကိုယ်စီ ရသွားကြပါပြီ။
အတိတ်အတိတ် ဘဝတွေက ပါလာတဲ့ အကုသိုလ်ဝါသနာ စရိုက်ဆိုးတွေဟာ ဒီပစ္စုပ္ပန်ဘဝမှာ လူကို ကမောက်ကမ ဖြစ်သွားအောင် သိပ်ဒုက္ခပေးတာပါ။ ကိလေသာရဲ့နှိပ်စက်မှုကို အလူးအလဲခံရတော့ လူက ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ပါဘူး။ စရိုက်တွေ ကတော့ ပုံစံမျိုးစုံနဲ့ ပါလာကြတာပါ။ ရာဂ စရိုက်ပါလာတဲ့လူက ဒေါသဖြစ်စရာ လောဘ ဖြစ်စရာ စသည်တွေ ဘယ်လောက်ပဲတွေ့တွေ့ ဘာမှမဖြစ်ပါဘူး။ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒါပေမယ့်လည်း တပ်မက်စရာ အာရုံနဲ့ တွေ့ရတဲ့ အခါမှာတော့ ပုံမှန်ထက် တုန်တုန် လှုပ်လှုပ် ဖြစ်သွားကြရပါတယ်။ ဒီလိုပါပဲ ဒေါသ စရိုက်ပါလာတဲ့သူကလည်း တပ်မက်စရာအာရုံနဲ့ ကြုံလာရပေမယ့် ဘာမှမဖြစ်ပါဘူး။ ဒေါသဖြစ်စရာ အာရုံနဲ့ ကြုံလာတဲ့ အခါမှာတော့ စိတ်မထိန်းနိုင်ဘဲ ပေါက်ကွဲကြတော့တာပါ။
တစ်ယောက်နဲ့ တစ်ယောက် ပါလာတဲ့ အထုံ စရိုက် ချင်းကတော့ တူကြမှာမဟုတ်ပါဘူး။ စရိုက်စုံ ၀ါသနာစုံ ရှိနေကြမှာပါ။ တစ်ကိုယ်ကောင်း ဆန်တာ၊ သူတစ်ပါးကို ညှဉ်းဆဲတတ်တာ၊ သူတစ်ပါးကို အနိုင် ယူတာ၊ အရွဲ့တိုက်တာ၊ ရာထူးတပ်မက်တာ၊ ရတနာသုံးပါးကို ကြည်ညိုတာ၊ သူတစ်ပါးကို ကူညီတတ်တာ၊ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်တာ၊ တရားပွဲ ကျင်းပချင်တာ စသဖြ**့ စရိုက်မျိုးစုံ၊ ၀ါသနာမျိုးစုံရှိနေကြတာပါ။
တစ်ခါတလေ ကျတော့လည်း ဖြစ်ပေါ်လာတဲ့ အကုသိုလ် ကိလေသာကို မနိုင်လို့ မှားသွားကြရတာ တွေလည်း ရှိပါတယ်။ အချိန်တစ်ခုကြာမှပဲ မှားသွားပြီဆိုတာ သိရတော့တာပါ။ သိတော့လည်း ပြန်တည် ဆောက်နိုင်ရ မှာပါပဲ။ တချို့ကျတော့လည်း လူ့ဘဝ ရောက်လာတာနဲ့ ကာမဂုဏ် ခံစားချင်စိတ်မရှိဘဲ တောထွက်ဖို့ တရားအားထုတ်ဖို့ကိုပဲ စိတ်ညွတ်နေကြတာပါ။ ဥပမာ - ပိပ္ပလိ ဇနီးမောင်နှံမျိုးပါ။ သူတို့ကတော့ ကိလေသာရဲ့ နှိပ်စက်မှုကို သိပ်မခံလိုက်ရပါဘူး။ သက်သက်သာသာနဲ့ပဲ တရားထူး တရားမြတ်တွေ ရသွားကြတာပါ။
မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးက ရှေးအကြောင်းအားလျှော်စွာ ဒီဘဝမှာ ထူပြောအားကြီးဖြစ်လာတဲ့ ရာဂ၊ ဒေါသ၊ မောဟ၊ ဝိတက်တွေကို နောက်ဘဝတွေမှာ ထူပြောအားကြီးစွာ မဖြစ်ရအောင် ကုသိုလ်ပြုတဲ့အခါ ဆုတောင်းဖို့ ရေးပြထားပါတယ်။
ဆုတောင်း
ဣမိနာ မေ ရာဂါဒယော၊ တနူ ဟောန္တု ဘဝါဘဝေ။
ဟောမိ'ဟံ သီလဝါ သဒ္ဓေါ၊ ပညဝါ သုသမာဟိတော။
မေ၊ ငါ၏ ။ ဣမိနာ၊ ဤကောင်းမှုကြောင့်။ မေ၊ ငါ့အား။ ဘဝါဘဝေ၊ ကြီးငယ်ဘဝဖြစ်သမျှ၌။ ရာဂါဒယော၊ ဒိဋ္ဌိ, မာန စသည်ဝန်းရွေ ရံခြွေနှင့်တကွ ဖြစ်ကုန်သော ရာဂ, ဒေါသ, မောဟ, ဝိတက် တရားပျက်တို့သည်။ တနူ၊ ယင်တောင် ပုစဉ်းတောင်အလား ခေါင်းပါးကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ အဟံ၊ ငါသည်။ ဣမိနာ၊ ဤကောင်းမှုကြောင့်၊ သီလဝါ၊ ပကတူပ အထုံရ၍ သီလနှင့် ပြည့်စုံသည်။ ဟောမိ၊ ဖြစ်ရလို၏။ သဒ္ဓေါ၊ ရတနာသုံးတန် ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်း သဒ္ဓါရှိသည်။ ဟောမိ၊ ဖြစ်ရလို၏။ ပညဝါ၊ ဆုတ်ဆိုင်း မရှိ ဟုတ်တိုင်း သိသော ပညာနှင့်ပြည့်စုံသည်။ ဟောမိ၊ ဖြစ်ရလို၏။ သုသမာဟိတော၊ လွန်စွာကြံ့ခိုင် ယိမ်းယိုင်မရှိ တည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံသည်။ ဟောမိ၊ ဖြစ်ရလို၏။
(ပရမတ္ထသရူပဘေဒနီကျမ်း။ ဒုတိယတွဲ၊စာမျက်နှာ ၁၆ဝ)
ဥပမာ - မြတ်စွာ ဘုရားကို သောက်တော်ရေကပ်ပြီး "ဤသောက်တော်ရေ ကပ်လှူရသော ကောင်းမှု သည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ၊ နိဗ္ဗာန်ရဖို့ရာ ပါရမီ ဖြည့်စဉ်ကာလ အတွင်း ဒေါသနည်းသူ ဖြစ်ရပါလို၏" စသည်ဖြ**့ ကိုယ့်မှာရှိတဲ့ ဝါသနာ စရိုက်ဆိုးကို "နာမည်တပ်"ပြီး ကိုယ်နားလည် သဘောပေါက် သလို ဆုတောင်းလို့လည်း ရပါတယ်။ စကားလုံး ကွဲပြားပေမယ့် သဘော သက်ရောက်မှုကတော့ အတူတူပါပဲ။ ဒါဆို တဖြည်းဖြည်း လျော့လျော့လာမှာပါ။
ဝါသနာ စရိုက်ဆိုးတွေ ခေါင်းပါးအောင် လုပ်တဲ့နေရာမှာ ဆုတောင်းခြင်းကိုလည်း အားကိုးတစ်ခုအနေနဲ့ လုပ်ရမှာပါ။ ကိုယ်က အလွတ်ဆုတောင်းတာမဟုတ်ဘဲ အလုပ်နဲ့တွဲပြီး ဆုတောင်းတာဖြစ်တဲ့အတွက် အများကြီး အထောက်အပံ့ပေးမှာပါ။ အလုပ်နဲ့ ဆုတောင်း အစဉ်သဖြ**့ရှိနေရင် အကုသိုလ် လုပ်ချင်စရာ တွေးဦး, တွေ့ဦးတော့ ကိုယ် မြတ်မြတ်နိုးနိုး တောင်းနေတဲ့ ဆုတောင်းလေးကို သတိရပြီး လုပ်ချင်စိတ် လျော့သွား မှာပါ။
သာသနာမှာ " စာတတ်ငါးခုန်၊ စာကုန်မန်ကျည်းတော၊ စာပြောသဲအင်း " ဆိုပြီး သမိုင်းတင်ခဲ့ပါတယ်။ စာတတ်တဲ့နေရာမှာ ငါးခုန်ဆရာတော်ဘုရား၊ စာကုန်တဲ့နေရာမှာ မန်ကျည်းတော ဆရာတော်ဘုရား၊ စာပြော တဲ့နေရာမှာ သဲအင်းဆရာတော် ဘုရားရယ်လို့ ဆရာစဉ်ဆက် ပြောစမှတ်ပြုခဲ့ကြတာပါ၊ အဲဒီအထဲက ငါးခုန် ဆရာတော်ဘုရားကြီးဟာ စာတတ်ရုံတင် မကပါဘူး၊ ဘုရားဆုပန်ထားတဲ့ ဆရာတော်ဘုရားကြီးပါ။ ဘုရားဆုပန် ထားတဲ့ ငါးခုန်ဆရာတော်ဘုရားကြီးဟာ တစ်ခါတလေ ပုထုဇဉ်အားလျှော်စွာ ရင်ထဲမှာ ဒေါသစတဲ့ အကုသိုလ် တရားတွေဖြစ်လာရင် ဘုရားရှေ့ကိုသွားပြီး “မြတ်စွာဘုရား... တပည့်တော်ငါးခုန်ရဲ့ သန္တာန်မှာ ယုတ်မာ ဆိုးဝါးတဲ့ ဒေါသတွေ ဝင်ရောက်နှောင့်ယှက် ဖျက်ဆီးနေပါတယ်ဘုရား။ ဒေါသကင်းဝေးတော်မူသော မြတ်စွာဘုရားအား အကြိမ်ကြိမ် ရှိခိုးကန်တော့ပါ၏ဘုရား။ ဘုရား တပည့်တော်ရဲ့သန္တာန်မှာ စွဲလမ်းကပ်ငြိနေတဲ့ ဆိုးဝါးလှတဲ့ ဒီဒေါသ ကိလေသာကို ကယ်မ ပယ်ချွတ်တော် မူပါဘုရား” လို့လျှောက်ပြီး ဒေါသကို တဒင်္ဂအနေနဲ့ မငြိမ်းမချင်း ဘုရားရှင်ရှေ့မှာ ဝတ်ပြုနေလေ့ရှိတယ်လို့ ဖတ်ရပါတယ်။ ကိုယ်ကလည်း ငါးခုန်ဆရာတော် ဘုရားကြီးနည်းကို အတုယူပြီး အကုသိုလ်တစ်ခုခု ရင်ထဲဝင်လာရင် မြတ်စွာဘုရားရှေ့သွားပြီး လျှောက်ထား ဆုတောင်းလို့လည်း ရတာပါပဲ။ ဘယ်နည်းနဲ့ပဲ ပျောက်ပျောက် ပျောက်ဖို့က အဓိကပါ။ ဒါတွေဟာ တကယ့်မဖြစ်မနေ အတုခိုးရမယ့်နည်းကောင်းတွေပါပဲ။
စာရေးသူလည်း ကိုယ်မလိုချင်တဲ့ အကုသိုလ်တွေ ရင်ထဲရောက်လာရင် ငါးခုန် ဆရာတော် ဘုရားကြီးနဲ့ မဟာ ဝိသုဒ္ဓါရုံ ဆရာတော် ဘုရားကြီးနှစ်ပါးရဲ့ နည်းအတိုင်း မြတ်စွာဘုရားရှေ့သွား၊ မြတ်စွာဘုရားကို သောက် တော်ရေကပ်ပြီး ကိုယ့်ရင်ထဲမှာဖြစ်နေတဲ့ အကုသိုလ်တွေကို သူများမကြားအောင် ခပ်တိုးတိုးလျှောက်ပြ၊ ပြီးတော့ "…….. အကုသိုလ်တွေ မဖြစ်ရပါလို၏ဘုရား" လို့ သုံးကြိမ်လောက် ဆုတောင်းမိပါတယ်။
တစ်ခါတလေ ကိုယ်မလိုချင်တဲ့ အကုသိုလ်က နည်းနည်း ကြီးနေမယ်၊ ဖြစ်ကြော ရှည်နေမယ် ဆိုရင်တော့ ရေချမ်းအပြင် ပန်းပါကပ်ပြီး ဆုတောင်းဖြစ်ပါတယ်။ ဒါတွေကတော့ အရေးပေါ်ဆုတောင်းပြီး အကုသိုလ် ပယ်နည်းတစ်ခုပါပဲ။ ဆုတောင်းလိုက်ရင်ပဲ ဖြစ်နေတဲ့အကုသိုလ်က သက်သာသွားတာများပါတယ်။
ရာဂ ဒေါသ မောဟ ဣဿာမစ္ဆရိယ စတဲ့ အကုသိုလ် ကိလေသာတွေ နှိပ်စက်တဲ့အခါ ကိုယ့်ကို တရား စကားပြောပြပေးမယ့် မိတ်ကောင်းဆွေကောင်းတွေလည်း သိပ်လိုအပ်ပါတယ်။ အညတရာထေရီကို တော့ ဓမ္မဒိန္နာထေရီက တရားစကားပြောပေးခဲ့ပါတယ်။ ဓမ္မဒိန္နာဆိုတာ အနာဂါမ် ဝိသာခရဲ့ ဇနီးပါ။ ဘိက္ခုနီမ ဝတ်ပြီး တရားအားထုတ်လိုက်တာ ခင်ပွန်းထက် တစ်ဆင့်ကျော်ပြီး ရဟန္တာဖြစ်သွားတဲ့ ထေရီမပါ။ ဓမ္မဒိန္နာထေရီ တရားထူး ရသွားတာလည်း ခင်ပွန်းဝိသာခရဲ့ ကူညီ ပံ့ပိုးမှုတွေ အများကြီးပါခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံလည်း ကိလေသာရဲ့ နှိပ်စက်မှုကို သိပ်မခံရဘဲ တရားထူးတွေ ကိုယ်စီ ရသွားကြတဲ့ သူတွေပါ။
ဘယ်လို ကိလေသာတွေက ဘယ်လိုပုံစံနဲ့ပဲ နှိပ်စက်နှိပ်စက် တကယ်အားကိုးရာကတော့ ဝိပဿနာ ပါပဲ။ တရားထူး မရရင်တောင် တစ်ချက်မှတ် တစ်ချက်ကိလေသာကိုပယ်နေတာဆိုတော့ တစ်မှတ်ချင်းမှာ စိတ်အေးချမ်းမှုကို ရနေတာပါ။ ကိလေသာ နှိပ်စက်လို့ပဲဖြစ်ဖြစ် လောကဓံဆိုးတွေ နှိပ်စက် လို့ပဲဖြစ်ဖြစ် နောက်ဆုံးတော့ ဘာဖြစ်လဲ၊ တရားအားထုတ် နေလိုက်ရုံပါပဲ။
မြတ်စွာဘုရားက အဂုင်္ုတ္တိုရ်ပါဠိတော် အနုဂ္ဂဟိတသုတ်မှာ ချီးမြှောက်ခြင်း(၅)မျိုးနဲ့ ချီးမြှောက်ဖို့ ဟောကြားထားပါတယ်။ ချီးမြှောက်ခြင်း(၅)မျိုးက -
၁။ သီလနဲ့ ချီးမြှောက်ခြင်း
၂။ သုတနဲ့ ချီးမြှောက်ခြင်း
၃။ တရားဆွေးနွေးခြင်းနဲ့ ချီးမြှောက်ခြင်း
၎။ သမထနဲ့ ချီးမြှောက်ခြင်း
၅။ ဝိပဿနာနဲ့ ချီးမြှောက်ခြင်း တို့ ဖြစ်ပါတယ်။
ဒါကို အဋ္ဌကထာက ဥပမာလေးနဲ့ ပြထားပါတယ်။ သစ်ပင်စိုက်ထားရင် ကိုယ်စိုက်ထားတဲ့ သစ်ပင်ကို ခြံလည်း ခတ်ထားရပါတယ်။ ရေလည်း လောင်းပေးရပါတယ်။ ပေါင်းလည်း သင်ပေးရပါတယ်။ သစ်ပင်မှာ ကျလာတဲ့ ပိုးကောင်လေးေ တွကိုလည်း ဖယ်ရှားပေးရပါတယ်။ ပင့်ကူမျှင်နွယ်ပင်တွေကိုလည်း ဖယ်ရှားပေး ရပါတယ်တဲ့။
အတွဲဥပမာ လေးတွေက သီလက ခြံခတ်ထားတာနဲ့တူပါတယ်တဲ့။ သုတက ရေလောင်းတာနဲ့ တူပါ တယ်တဲ့။ ဆွေးနွေးတာက ပေါင်းသင်တာနဲ့ တူပါတယ်တဲ့။ သမထက ပိုးကောင်လေးတွေကို ဖယ်ရှားပေး တာနဲ့ တူပါတယ် တဲ့။ ဝိပဿနာက ပင့်ကူမျှင်နွယ်ပင်လေးတွေကို ဖယ်ရှားပေးတာနဲ့ တူပါတယ်တဲ့။ သစ်ပင် တစ်ပင်စိုက်ရင် ဒီအစီအစဉ် လေးတွေ ကို လုပ်ပေးရပါတယ်။ လုပ်မပေးရင် ကိုယ်စိုက်ထားတဲ့ သစ်ပင်ဟာ ညှိုးနွမ်းပြီး သေသွားနိုင်ပါတယ်။
စာရေးသူ လေးလ ကျော်ကျော်လောက် ခရီးတစ်ခု ထွက်ဖြစ်ပါတယ်။ ပြန်လာတဲ့အခါ ကျတော့ စိုက်ခဲ့တဲ့ သစ်ပင်တွေက အရွက်တွေ မရှိတော့သလောက် ခြောက်သွေ့ေ နပါတော့တယ်။ သက်မဲ့ဖြစ်တဲ့ သစ်ပင်နွမ်းနွမ်း ခြောက်ခြောက်တွေကို မြင်ရတာ တကယ့် စိတ်မချမ်းသာစရာ မြင်ကွင်းတွေပါပဲ။ ရောက်ရောက်ချင်း စိုက်ခဲ့တဲ့ သစ်ပင်တွေကိုကြည့်ပြီး မပျော်တော့ပါဘူး။ ဒါကြောင့် သစ်ပင်ကျွမ်းကျင် တဲ့သူတွေကို ဖုန်းဆက် ခေါ်ရပါတယ်။ သူတို့လည်း ချက်ချင်းရောက်လာပြီး သစ်ပင်အပွေးတွေကို လက်သဲနဲ့ ဆိတ်ကြည့်၊ အရွက်တွေကို ကိုင်ကြည့်နဲ့ ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်ကို ကြည့်သလိုပါပဲ။ ပြီးတော့ "ရေလောင်းရမယ်၊ အောက်ခြေ မြက်ရှင်းရမယ်၊ ပေါင်းသင် ရမယ်၊ မြေလုံးခွဲပြီး ရေနေအောင် ခွက်ကျင်း လုပ်ရမယ်၊ ဆေးကျွေးရမယ်၊ ပိုးသတ်ဆေး ဖြန်းရမယ်" လို့ပြောပြီး ကိုယ်တိုင်ပဲ လုပ်ပေးကြပါတယ်။ အဲဒီအထဲက "ပိုးသတ်ဆေးတော့မ ဖြန်းပါနဲ့"လို့ တောင်းပန်ရပါတယ်။ ပိုးကောင်လေးတွေ မသေစေချင်သလို သတ်လည်း မသတ်ချင်ပါဘူး။ ဒါပေမယ့်လည်း သုံးသိန်းတန် သစ်ပင်တချို့ အောက်ခြေ ပိုးကိုက်ပြီး သေသွားတော့လည်း နှမြောရပြန်ပါတယ်။ သုံးပတ်ကျော်ကျော်လောက် အကြာမှာတော့ ရွက်နုလေးတွေ ပြန်ထွက် လာခဲ့ပါတယ်။ စိမ်းစိုလာတဲ့ သစ်ပင်တွေ ပြန်မြင်ရတော့လည်း စိတ်က ပြန်ပျော် သွားရပြန်ပါတယ်။ သစ်ပင် ညှိုးနွမ်းနွမ်းတွေကို ကိုယ်တိုင်လည်း မမြင်ချင်သလို ရောက်လာတဲ့သူတွေကိုလည်း မမြင်စေချင်ပါဘူး။ ဒါကြောင့် ရေလောင်းတာ ပုံမှန်ထက်ရွှဲအောင် လူတိုးပြီး လောင်းရ ပါတော့တယ်။ ကိုယ်စိုက် ထားတဲ့ သစ်ပင်လေး ရေလောင်းလိုက်လို့ အညွန့်တဝေဝေ အရွက်တဖားဖား စိမ်းစိမ်း စိုစိုဖြစ်လာတဲ့ အခါ စိတ်ချမ်းသာရသလို ကိုယ်စိုက်ထားတဲ့ သစ်ပင် စိမ်းစိမ်းအောက်မှာ ထိုင်ရတာလည်း တကယ့် အရသာ တစ်ခုပါပဲ။ ဒီလိုပါပဲ ကိုယ့်ကိုယ်ကိုတော့ အေးချမ်းအောင်ေ နကြရမှာပါပဲ။ ဘဝကလည်း သစ်ပင် တစ်ပင်လိုပါပဲ။ ရေလောင်းပေါင်းသင် ဆေးကျွေးနေနိုင်မှ စိတ်ကလေးတွေက လန်းနေတာပါ။ ရေမလောင်းဖြစ်တာနဲ့ စိတ်က ညှိုးလာတာပါ။ ပုထုဇဉ် သစ်ပင်တစ်ပင်ဟာ စိမ်းစိုတလှည့် ခြောက်သွေ့ တလှည့်ပါပဲ။ အမြဲတမ်းလည်း စိမ်းစို မနေနိုင်သလို အမြဲတမ်းလည်း ခြောက်သွေ့မနေနိုင်ပါဘူး။ စိတ် ညှိုးနွမ်းလာတဲ့အခါ ချီးမြှောက်ခြင်း ငါးမျိုးနဲ့ ချီးမြှောက်ပေးရပါမယ်။ စိတ်ညှိုးနွမ်းရင် ဘဝက နေရတာလည်း မပျော်တော့ပါဘူး။ တစ်ခါတလေ ကျတော့လည်း ကိုယ့်ရုပ်နဲ့ စိတ်ကို စောင့်ရှောက်နေတဲ့ကြားကပဲ အာရုံတချို့ ကြောင့် ညှိုးနွမ်း သွားရတာတွေလည်း ရှိတတ်ပါတယ်။ ဒီတော့လည်း ကိုယ့်ကိုယ်ကို ရေပြန်လောင်းရုံပါပဲ။
ပုထုဇဉ် တစ်ယောက်ရဲ့ဘဝမှာ ကိုယ့်စိတ် ကလေးကို အထူး စောင့်ရှောက်ပေးနေမှ တော်ကာ ကျတာပါ။ ဒါတွေက အသက်ကြီးတာ ငယ်တာတွေနဲ့ မဆိုင်ပါဘူး။ အသက်ကြီး ပေမယ့်လည်း ရင့်ကျက်ချင်မှ ရင့်ကျက် တာပါ။ အသက်ငယ် ပေမယ့်လည်း ရင့်ကျက်ချင် ရင့်ကျက်နေတာပါ။
အထူးသဖြ**့ ရုပ်နာမ်တွေ ညှိုးနွမ်းလာရင် ဘုရားခန်း ထဲသွားပြီး သီလယူ သမထ ဝိပဿနာ ပွားနေ လိုက်တာက အကောင်းဆုံးပါပဲ။ ဒါဆို ညှိုးနွမ်းနေတဲ့ ရုပ်နာမ်တွေက ပြန်လန်းလာတာ များပါတယ်။ ရုပ်နွမ်းစိတ်နွမ်းကို ဖြေဖျောက်စရာ အာရုံမျိုးစုံတော့ ရှိနေမှာပါ။ ဒါပေမယ့် မြတ်စွာဘုရား ဟောကြားထားတဲ့ ရေလောင်း ပေါင်းသင်မှုတွေနဲ့ ဖြေဖျောက်တာကတော့ အကောင်းဆုံးပါပဲ။
ကိုယ့်ရုပ်နာမ်တွေ ကြည်လင် လာတဲ့အခါ ကိုယ်လည်း စိတ်ချမ်းသာရသလို ကိုယ့်ဝန်းကျင်တစ်ခုလုံး လည်း စိတ်ချမ်းသာ ရတော့တာပါ။ ကိုယ်စိတ်မချမ်းသာရင် ကိုယ်နဲ့ဆက်စပ်သမျှ ဝန်းကျင်အားလုံး စိတ် မချမ်းသာ ရပါဘူး။ အများနဲ့ထိတွေ့ ဆက်ဆံနေရတဲ့ သူဆို ပိုလို့တောင် စိတ်ချမ်းသာအောင် နေရဦးမှာပါ။ ဒါမှ ကိုယ်နဲ့ ထိတွေ့ ဆက်ဆံရသူ အားလုံး ကိုယ့်ကို အမှီပြုပြီး စိတ်ချမ်းသာကြမှာပါ။
မြတ်စွာဘုရား ဟောကြားတဲ့ ချီးမြှောက်ခြင်း(၅)မျိုးက လူတစ်ယောက်အတွက် မဖြစ်မနေ လိုအပ်တဲ့ ချီးမြှောက်ခြင်း တွေပါ။ သူများကို ချီးမြှောက်ရတာလည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ချီးမြှောက်ရတာဖြစ်တဲ့ အတွက် ဘာမှနှမြောစရာလည်း မလိုပါဘူး။
၁။ သီလနဲ့ချီးမြှောက်ပါတဲ့။ သီလလျော့ သွားရင် စိတ်ကပါ ညှိုးသွားတာများပါတယ်။
၂။ သုတနဲ့လည်း ချီးမြှောက်ပါတဲ့။ သုတဆိုတာ စာဖတ်တာ၊ တရားနာတာပါ။ ဒီခေတ်ကတော့
တရားနာဖို့ အတွက် မခက်တော့ပါဘူး။ တရားCDတွေ လမ်းဘေးနေရာတိုင်းမှာ လွယ်လွယ်ကူကူ ဝယ်လို့ရနေ တာပါ။ လွန်ခဲ့တဲ့(၁ဝ)နှစ် လောက်ကဆို တရားခွေတစ်ခွေနာရဖို့ တရားတေးသံသွင်း ဆိုင်ကြီးတွေကို တကူး တက သွားမှာရတာပါ။ ဒါတောင် ချက်ချင်းမရပါဘူး။ တိပ်ခွေကိုမှာခဲ့ပြီး ချိန်းတဲ့ရက်ကျမှ သွားယူရတာပါ။ အခုတော့ ငွေ(၅ဝဝ)လောက်ဆို CDတစ်ချပ်နဲ့ တရားအပုဒ်ရေ သုံးရာ၊ ငါးရာလောက် ရနေတာပါ။ ထားရ သိမ်းရတာလည်း သိပ်ဝန်ကျဉ်းတာပါ။
၃။ တရားဆွေးနွေးခြင်းနဲ့လည်း ချီးမြှောက်ပါတဲ့။ တစ်ယောက်နဲ့တစ်ယောက် သိတာချင်းတော့ မတူကြ ပါဘူး။ သူသိတာ ကိုယ်မသိ၊ သူမသိတာ ကိုယ်သိဆိုတော့ အချင်းချင်းလည်း ဆွေးနွေးရမှာပါ။ အထူးသဖြ**့ တော့ ကိုယ်ထက်သာတဲ့သူနဲ့ ဆွေးနွေးရမှာပါ။
၎။ သမထနဲ့လည်း ချီးမြှောက်ပါတဲ့။ ကိုယ်နှစ်သက်ရာ သမထတစ်ခုခု ပွါးများနေရင် စိတ်ကအေးချမ်း နေတာပါပဲ။
၅။ ဝိပဿနာနဲ့ လည်းချီးမြှောက်ပါတဲ့။ ဝိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးထားတဲ့အတိုင်း ချီးမြှောက်ရုံပါပဲ။
မြတ်စွာဘုရား က တရားအားထုတ်ေ နတဲ့ ယောဂီတွေ ကိုယ့်ရဲ့ဝိပဿနာသမ္မာဒိဋ္ဌိကို ချီးမြှောက်ခြင်း ငါးမျိုးနဲ့ ချီးမြှောက်ဖို့ ဟောပြထားတာပါ။ ဒါပေမယ့်လည်း အပြင်မှာနေ နေကြတဲ့ သူတွေအနေနဲ့ ကိုယ့်ကိုယ်ကို ချီးမြှောက်မှု (၅)မျိုးနဲ့ ချီးမြှောက်နေရင် စိတ်ချမ်းသာ နေတော့တာပါ။ ပုထုဇဉ် တစ်ယောက်ရဲ့စိတ်ဟာ အမြဲတမ်း ကြည်မနေနိုင်ပါဘူး။ ကြည်တလှည့်၊ နောက်တလှည့်ပါပဲ။ စိတ်ကြည်လင်နေမှလည်း ကိုယ့်အတွက်, ကိုယ့် မိသားစုအတွက်, ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အားတက်သရော လုပ်နိုင်မှာပါ။
ဘ၀ဆိုတာ သစ်ပင်လေး တစ်ပင်လိုပါပဲ၊ အမြဲရေလောင်းပေးနေမှ စိမ်းစိုနေမှာပါ။ အဲဒီလိုရေလောင်း ပေးနေတာကကို မဂ်ဖိုလ်နိဗ္ဗာန်ရဲ့အထောက်အပံ့ကောင်းတွေ ဖြစ်နေတော့တာပါပဲလေ။
ကျမ်းကိုး
အနုဂ္ဂဟိတသုတ္တန်တရားတော်။
သဒ္ဓမ္မရံသီရိပ်သာဆရာတော်၊
ရဝေနွယ် (အင်းမ)

ရွှင်လန်းချမ်းမြေ့ပါစေ။ အားလုံးကိုလေးစားလျက်။
ချောလေး
No comments :
Post a Comment
တစုံတယောက်....တခုခုရရှိသွားပါသည်......။