မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Monday, September 30, 2013

သည်ပုံပြင်သည်...ပုံပြင်ဖြစ်ပါသည်..


တစ်ခါက မဖြစ်နိုင်တဲ့အရာတွေကို တောင့်တပြီးနေတဲ့လူတွေဟာ ရွာကြီးတစ်ရွာမှာစုပြီး နေထိုင်သတဲ့…..

အဲဒီရွာအမည်ကတော့ "မဖြစ်နိုင်ရွာကြီး" ပေါ့ ။

အဲဒီရွာမှာနေနေကြတဲ့သူတွေဟာ တစ်ကယ်တော့ အဲဒီရွာမှာ နေချင်ကြတာ မဟုတ်ဘူး။ အမြဲတမ်း ထွက်သွားချင်စိတ်တွေက လူတိုင်းလူတိုင်းမှာ ရှိနေကြတယ်။ မနေချင်ပဲနဲ့ ဘာဖြစ်လို့ နေနေကြတာလဲလို့ မေးစရာတော့ရှိပါရဲ့…။ အဲဒါက ဘာဖြစ်လို့လဲဆိုတော့ ဒီရွာကိုရောက်လာရတဲ့ အကြောင်းအရင်းက ဘယ်သူ့ရဲ့အတင်းအကြပ်စေခိုင်းမှုမပါပဲ သူတို့ဘာသာ ရောက်လာကြလို့ပဲ။ ဒါပေမယ့် ထွက်သွားချင်တိုင်း ထွက်သွားလို့တော့မရဘူး။
 ဘာကြောင့်ထွက်သွားလို့မရတာလဲ… မေးစရာထပ်ရှိပါရဲ့။ အဲဒါက ဘာဖြစ်လို့လဲဆိုပြန်တော့ သူတို့ကိုယ်တိုင်ကပဲ ကျေကျေနပ်နပ်ကြီး ထွက်မသွားကြတာပဲ။ ဖတ်ရတာ ရှုပ်သွားပြီ ထင်တယ်။ ဒါဆို ဥပမာတစ်ခု ပေးကြည့်မယ်။ လူတစ်ယောက် အမှားလုပ်ခဲ့ပြီဆိုပါစို့…. အဲဒီလူက ပြစ်မှု အသေးအကြီး အလိုက်ထောင်ထဲ (သို့)အချုပ်ထဲမှာနေသင့်သလောက်နေရမယ်။ ပြစ်မှုသေးရင်အချိန်မကြာဘူး ပြစ်မှု ကြီးရင်အချိန်ကြာမယ်။ ဒီလိုပဲ… ဒါပေမယ့် သူတို့က အပြစ်လုပ်ထားကြတာမဟုတ်ဘူး။ ဒါကြောင့်ထောင်ထဲမှာ နေရသလိုလဲ မဟုတ်ပြန်ဘူး။ သူတို့ကစိတ်ကူးနဲ့ပိတ်မိနေတာ။ ဒါ့ကြောင့် စိတ်ကူးနဲ့ပဲ ပြန်ထွက်လို့ရတဲ့အထိ စောင့်နေတာပေါ့။ ဒါကလည်း အချိန်အကန့်အသတ်မရှိဘူး။ အဲ… ထွက်လို့ရရင်တော့ သူတို့ပျော်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စိတ်ကူးတွေ ပြည့်တဲ့နေ့ဖြစ်နေလို့လေ….။ ဒါပေမယ့် ထွက်လို့မရသေးသရွေ့လည်း သူတို့ စိတ်မညစ်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာစိတ်ကူးတွေရှိနေကြဆဲ မို့လို့ပေါ့။
  
ဒီလောက်ဆို သဘောပေါက်လောက်မယ် ထင်တယ်။ မပေါက်လဲ ဖြည်းဖြည်းချင်းဆက်ရှင်းသွားကြတာပေါ့….နော်….။ ဘာပဲဖြစ်ဖြစ် သူတို့က မဖြစ်နိုင်တဲ့အရာတွေကို စိတ်ကူးယဉ်တဲ့သူတွေဆိုတာပါပဲ။
တစ်နေ့ကျတော့ အဲဒီရွာကြီးမှာ အစည်းအဝေးပွဲတစ်ပွဲ ကျင်းပတယ်။ အစည်းအဝေးဆိုပေမယ့် သူများတွေလို မေ့လောက်မှကျင်းပတဲ့ပွဲမဟုတ်ဘူး။ တစ်လတစ်ခါလုပ်တဲ့ပွဲ ။ အဲ့… အခြေအနေတွေ တစ်မျိုးသိသိသာသာ ပြောင်းလဲခဲ့ရင်တော့ ရက်မရွေးပဲ ချက်ချင်း ကျင်းပတာမျိုးလဲရှိတယ်။ ပြောရရင် မူတော့မမှန်ဘူးပေါ့။ ဒါပေမယ့် လူကတော့မှန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရွာရဲ့ လူတွေအကုန်လုံးက ဒီအစည်းအဝေးပွဲကို အမြဲတမ်းစိတ်ဝင်တစား စောင့်နေကြလို့ပဲ။ သူတို့အတွက် အဲဒီ အစည်းအဝေးပွဲဟာ သတင်းကြေငြာတဲ့ပွဲဆိုလည်း ဟုတ်တယ်။ အခန့်သင့်လို့ စိတ်ကူးတွေဖြစ်လာခဲ့ပြီဆိုလည်း သူတို့ ဒီရွာက ထွက်သွားရမယ့်ပွဲလည်း ဖြစ်တယ်။ ပြီးတော့ ဒီမဖြစ်နိုင် ရွာကြီးရဲ့ ရွာသူကြီးဆိုတဲ့ ခေါင်းဆောင်ရွေးပွဲ ဆိုလည်း ဟုတ်တယ်။ ဒီတော့ မျှော်လင့်ချက်တွေ ကိုယ်စီနဲ့ အမိုးမိုးပြီး လာကြတာပေါ့။

 အဲ… ခေါင်းဆောင်ဆိုလို့ ပြောရအုံးမယ်။

အဲဒီရွာရဲ့ ရွာသူကြီးရွေးနည်းက ဆန်းတယ်လို့ပြောလည်းရတယ်။ မဆန်းဘူးလို့ပြောလည်းရတယ်။ ရွေးပုံက သူများရွာတွေလို သမာသမတ်ရှိရှိ လုပ်ရည်ကိုင်ရည်ရှိရှိ အမြော်အမြင်နဲ့ ပြည့်စုံသူတွေ ဘာတွေနဲ့ ရှည်ရှည် ဝေးဝေး စဉ်းစားတာမဟုတ်ဘူး။ ဒီမဖြစ်နိုင် ရွာမှာနေထိုင်သူတွေထဲက မဖြစ်နို်င်ဆုံး စိတ်ကူးယဉ်သူတစ်ယောက်ကို  ရွေးပြီး ရွာသူကြီးအဖြစ်ခန့်လိုက်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူကမှ ရွာက ထွက်သွားနိုင်ခြေ အနည်းဆုံးပဲ မဟုတ်လား။

ပြီးရော…..။

ဒါမှသူတို့ရွာမှာ ကြာကြာရှည်ရှည်အုပ်ချုပ်နိုင်မှာပေါ့။ ဒါ့ကြောင့် သူ့စိတ်ကူးက လုံးဝ မဖြစ်နိုင်ရင် အဲဒီလူက ဆရာကြီးပဲ…….။

 ကဲ…..။ ဒီလိုနဲ့ အစည်းအဝေးကျင်းပတဲ့ အချိန်ရောက်ပြီပေါ့။ အဲဒီ မဖြစ်နိုင်ရွာကြီးရဲ့ အစည်းအဝေးအတွက် သက်သက်ဆောက်ထားတဲ့အိမ် အိမ်ဆိုပေမယ့် ဘာမှမရှိတော့ ဟောကြီးပေါ့။ အဲဒီဟောကြီးထဲမှာတော့ လူတွေက ရုတ်စု ရုတ်စုနဲ့ တစ်ရွာလုံးနီးပါး အပြည့်ပဲ။ တစ်ချို့က သူတို့ရဲ့ မဖြစ်နိုင်တဲ့စိတ်ကူးလေးတွေ ပြည့်တော့မှာလား ဒါမှမဟုတ် ပြည့်နေပြီလား အစရှိတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ တစ်ချို့ကတော့ ကိုယ့်စိတ်ကူးကို ကိုယ်သိနေပြီးသားပဲဖြစ်လို့ ထွေထွေ ထူးထူးမဟုတ်တော့ပါဘူး။ ပြီးတော့ အခြေအနေထူးလို့လုပ်တဲ့ကြားဖြတ် အစည်းအဝေးပွဲမဟုတ်တော့ အများစုက သာမာန်ရိုးကျပဲ။ ဘယ်သူတွေလူသစ်ဝင်တယ် အဲဒီထဲကမှ ဘယ်သူက ထပ်ထူးပြီး ခေါင်းဆောင်ဖြစ်မှာလဲ စသည်ဖြင့်လောက်ပါပဲ။ အဓိကက သူတို့က ဒါတွေကို နားထောင်ချင်ယုံလောက်ပါ။

သြော်.. အချိန်ရတုန်း ဒီဟောခန်းမကြီးရဲ့ ပုံသဏ္ဍာန်ကို ရှင်းပြရဦးမယ်။ အရင်ဆုံးဒီဟောခန်းမကြီးရဲ့ တည်ဆောက်ထားပုံကို ရှင်းပြမယ်။ တည်ဆောက်ထားပုံက ရိုးရိုးပါပဲ။ ၀င်ပေါက်တစ်ခုရှိတယ်။ ထွက်ပေါက် တစ်ခုရှိတယ်။ အလယ်မှာတိုင်တွေရှိပြီးတော့ တိုင်တွေရဲ့အဆုံးမှာ လူဆယ်ယောက်လောက် ဟောပြောလို့ရတဲ့ စင်တစ်ခုရှိတယ်။

ဒါပဲ…..

ဟင်…. ဒါပဲဆိုတော့ ဘာများထူးဆန်းလဲလို့ မေးစရာရှိမယ်။ ပြောပြပါ့မယ်။ ဒီအဆောက်အအုံရဲ့ ထူးခြားချက်က (1)နာရီမိုင်(400)နှုန်း တိုက်ခတ်တဲ့ မုန်တိုင်းထက်ပြင်းတယ့် လေဒဏ်ကို ခံနိုင်ရည်ရှိတယ်။ (2)မိနစ်ကို မိုင်(30)နှုန်း စီးဆင်းတဲ့ရေရဲ့တိုက်စားမှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိတယ်။ ပြီးတော့ ငလျှင်လှုပ်လေ ပိုခိုင်လေတဲ့။

ဘယ့်နှယ့်လဲ.. မထူးဆန်းဘူးလား…

မဖြစ်နိုင်ဘူးမပြောနဲ့ ဒီထက်ထူးဆန်းတာ ပြောပြဦးမယ်။ ဒီအဆောက်အအုံကို ဆောက်သွားတာ ကမ္ဘာအရှည်ဆုံး ပင်လယ်ကူးတံတားကို တိုင်မထောင်ပဲ ဆောက်သွားသူတဲ့။ နာမည်တော့ မပြောတော့ဘူး။ (မှားမှာကြောက်လို့မဟုတ်ဘူးနော် မမှန်မှာစိုးလို့)။။။
ကဲ.. သူလည်း ဒီရွာမှာနေသွားတာပဲ။ လစ်သွားတာ သိပ်မကြာသေးဘူးဆိုပဲ။ ထားပါတော့… ဟောရဲ့နံရံမှာလည်းကြည့်ဦး။ ဒီရွာမှာနေပြီး အချိန်တန်တော့ ထွက်ခွာသွားကြတဲ့သူတွေကို ဓာတ်ပုံမှန်ဘောင်တွေနဲ့ စာတန်းတွေထိုးပြီး ဂုဏ်ပြုသလိုလို နှုတ်ဆက်သလိုလို ကြွားဝါသလိုလို လုပ်ပြီး ချိတ်ထားကြသေးတယ်။
ဘာတဲ့…. သောမက်အယ်ဒီဆင်တဲ့ နောက်တစ်ခုကတော့ ရိုက်ညီနောင် နောက်… ဂရေဟမ်ဘဲလ် နောက်ရေငုပ်သင်္ဘောတီထွင်ခဲ့တဲ့သူ ဘယ်သူ ရေးတော့ရေးထားတယ်။ စာတွေက နှစ်တွေကြာပြီဆိုတော့ မှုန်ဝါးဝါးဖြစ်နေလို့။ (အလကား ဒီတစ်ခါတော့ တစ်ကယ် မေ့တာ)

ထားပါတော့…… စသည်စသည်ဖြင့်ပေါ့။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီရွာရဲ့ပုံရိပ်က ဘယ်လောက်ကြီးမားတယ် ဆိုတာ  ခန့်မှန်းလို့ရလောက်ပြီပေါ့။ ဒါဆို ရှေ့ကအကြောင်းအရာလည်း တစ်ဖြည်းဖြည်းနားလည်လောက်ပြီ ထင်တယ်နော်။

အဲဒီအချိန်မှာပဲ မဖြစ်နိုင်ရွာရဲ့ ရွာသူကြီးဝင်လာတာကြောင့် ရုတ်စုရုတ်စုဖြစ်တာကနေ အုပ်စုအုပ်စု ဖြစ်သွားတယ်။ ရွာသူကြီးကလည်း ရွာသူကြီးသာဖြစ်နေတာ တစ်ကယ်တော့ သေးသေးလေး။ သေးတာမှ နပိုလီယံ တစ်ဝက်သာသာလောက်ကို သေးတာ။ ဒါပေမယ့် နပိုလီယံတော့မဟုတ်ဘူးနော်။ နပိုလီယံက ဒီရွာနဲ့ ဆန့်ကျင်ဘက်ပဲ။

ရွာသူကြီးဝင်လာပြီး ခဏကြာတော့ တစ်ခါမှမမြင်ဖူးတဲ့ လူလေးငါးယောက်က လိုက်ဝင်လာပြီး စင်ပေါ်တက်ကာ နေရာယူလိုက်တယ်။ အဲဒီသူစိမ်းတွေကို ကြည့်ပြီး ဒါသူတို့ရွာကို အသစ်ရောက်လာကြတဲ့သူတွေ ဆိုတာ မပြောပဲနဲ့သိလိုက်ကြတယ်။ အဲဒီထဲကမှ ထူးထူးဆန်းဆန်းပုံစံနဲ့ ကောင်လေးတစ်ယောက်ကို သူတို့ပိုပြီး သတိပြုမိလိုက်ကြတယ်။ အဲဒီကောင်လေးက မှုန်မှိုင်းတဲ့မျက်လုံးအစုံနဲ့…။ စိတ်ဓာတ်ကျနေတဲ့ပုံစံလည်းမဟုတ်ဘူး။ ဒါပေမယ့် စိတ်ဓာတ်တက်ကြွနေတဲ့ ပုံစံလည်းမဟုတ်ပြန်ဘူး။ ထူးထူးခြားခြားအားလုံးထက်သူကို အားလုံးကစိတ်ဝင်စားသွားတယ်။ အထူးသဖြင့် ဒီကောင်လေး ဘယ်လိုမျိုး မဖြစ်နိုင်တဲ့ကိစ္စကို စိတ်ကူးယဉ်မိလည်းပေါ့။  

သူတို့အကဲခတ်နေစဉ်မှာပဲ ရွာလူကြီးက မိန့်ခွန်းတွေကို စပြောတယ်။ ထုံးစံအတိုင်းပဲပေါ့။ ရွာကြီးရဲ့သမိုင်းကြောင်း။ ဒီရွာကို သူဘယ်နှစ်ခုနှစ်က စတင်ပြီးရွာသူကြီးလုပ်ခဲ့တဲ့အကြောင်း၊ ခုဆို တော်တော်ကြာနေပြီဖြစ်ကြောင်း၊ ကြာမှာပေါ့…. သူ့ရဲ့မဖြစ်နိုင်တဲ့စိတ်ကူးက လုံးဝကိုမဖြစ်နိုင်တာ။
ကြုံလို့ပြောရဦးမယ် သူ့စိတ်ကူးကို။
ဒီနပိုလီယံ တစ်ဝက်လောက်တောင်မရှိလို့စင်ပေါ်မှာ ခုံအထပ်ထပ်ဆင့်ပြီးပြောနေရတဲ့သူက ကမ္ဘာပေါ်မှာ အရပ်အမြင့်ဆုံး သူဖြစ်ချင်တာတဲ့။ 4နှစ်ကလေးအရွယ်ဆိုဖြစ်နိုင်ပါရဲ့။ ဒါပေမယ့်သူ့အသက်က အခုဆို 30ကျော်နေပြီဆိုတော့….။ ဟင်း…. မဖြစ်နိုင်ရွာရဲ့ခေါင်းဆောင်ဖြစ်နေတာ ဆန်းတော့မဆန်းပါဘူး။

ထားပါတော့…. ဆက်ပြောရဦးမယ်။ အဲဒီလူသေးသလောက်စကားများတဲ့ ရွာသူကြီးက သူ့ရဲ့အကြောင်းတွေလည်းပြီးရော ဒီအတောအတွင်း ရွာကထွက်သွားတဲ့ လူတွေအကြောင်းကို ဆက်ပြောတော့တာပဲ။ ဒါကလည်း သူမပြောလည်း သိပြီးသားတွေ။ မသိတဲ့သူတွေလည်း အခုအချိန်မှာ စိတ်ဝင်စားမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အားလုံး စင်ပေါ်က မျက်ဝန်းမှုန်မှိုင်းမှိုင်းနဲ့ ကောင်လေးကို စိတ်ဝင်စားနေတာကိုး။ သူတို့စိတ်ထဲမှာ လောလောဆယ်ပြင်းပြင်းပြပြဖြစ်နေတာက ဒီကောင်လေးရဲ့ စိတ်ကူးပဲ။ ဒါ့ကြောင့် လူသစ်တွေနဲ့မိတ်ဆက်ပေးတဲ့အစီအစဉ်ကိုပဲ သူတို့စိတ်မရှည်စွာနဲ့ စောင့်ဆိုင်းနေရတာပေါ့။ နောက်ဆုံးတော့ သူတို့မျှော်လင့်ခဲ့တဲ့ အချိန်ရောက်လာပါတယ်။ ကောင်လေးက နောက်ဆုံးဖြစ်တာကြောင့် သူတို့ တော်တော်လေးတော့ စောင့်လိုက်ရတယ်။ အလှည့်ရောက်လာတော့ အားလုံးရဲ့စိတ်ဝင်စားမှုက အဆုံးစွန်ထိ ဖြစ်သွား ကြတာပေါ့။ အဲဒီမှာပဲ ရွာသူကြီးရဲ့ မေးခွန်းက ဖြေးဖြေးချင်း ထွက်လာတယ်။

“ အရင်ဆုံး နာမည်လေး အားလုံးကို ပြောပြပေးပါ…..”

ကောင်လေးက မျက်လုံးမှိုင်းမှိုင်းနဲ့ အားလုံးကို တစ်ချက်ဝေ့ကြည့်ပြီး ရှေ့ကိုထွက်လာတယ်။ ရှေ့ကမေးခွန်း အားလုံးကို ကြားဖူးပြီးသားဖြစ်တော့ အဆင်သင့်ဖြစ်နေသလိုဖြစ်နေတယ်။ ရွာသားတွေကတော့ အပ်ကျသံတောင် မကြားရအောင်ကို တိတ်ဆိတ်လို့။ ကုန်ကုန်ပြောရရင် အသစ်ဝင်လာတဲ့အချင်းချင်းထဲမှာတောင် ကောင်လေးကို သိသိသာသာကြီး ငေးကြည့်နေကြတယ်။ သေချာတာက သူတို့လည်း ထူးဆန်းတာတွေထဲက ထူးဆန်းတဲ့စိတ်ကူး တစ်ခုကို မြင်တွေ့ချင်လို့ပဲ။

“ ကျွန်တော့် နာမည် ပုံပြင်ပါ…”

အားလုံးတီးတိုးတီးတိုးဖြစ်သွားကြတာပေါ့။ နောက်ပြီး ပွစိပွစိတွေလည်းဖြစ်ကုန်တယ်။ ကောင်လေးက သက်ပြင်း တစ်ချက်ချပြီးဆက်ပြောတယ်။

“ တစ်ကယ်တော့ ကျွန်တော့ဆုံးဖြတ်ချက်က မပီပြင်သေးပါဘူး ဒီမဖြစ်နိုင်ရွာကြီးကို လာဖို့ကိုပေါ့။ ဒါပေမယ့် ကျွန်တော် ဒီကိုရောက်မှန်းမသိ တစ်ဖြည်းဖြည်းရောက်လာခဲ့တယ်။ အထူးသဖြင့် ကျွန်တော်သူ့အကြောင်း စဉ်းစားမိတဲ့အခါမျိုး။ ကျွန်တော့်သူ့အကြောင်း ရေးသားမိတဲ့အခါမျိုးပေါ့..”

ကောင်လေးမျက်လုံးက ပိုပြီးမှောင်မည်းသွားတယ်။ အဲဒီမှာတင် လူအုပ်ထဲကလူတစ်ယောက်ရဲ့ အသံ ထွက်လာပါလေရော။

“ ဟေ့…..ကောင်လေး ဖြစ်နိုင်ရင် အကြောင်းအရာတွေကို မပြောပါနဲ့ အကြောင်းအရင်းကိုပဲ ခပ်မြန်မြန်လေး ပြောစမ်းပါ..”

“ ဟုတ်တယ်… ဟုတ်တယ်… မြန်မြန်လေးပြောပါ… ငါတို့မင်းရဲ့စိတ်ကူးကို သိချင်တယ်…..”

“ဟုတ်တယ်……..သိချင်တယ်……”

ဆက်တိုက်ဆိုသလို တစ်စွန်းတစကနေ ညီတူအသံတွေပါ ထွက်လာတာကြောင့် ကောင်လေး နည်းနည်းအံ့သြပြီး တွေဝေသလို ဖြစ်သွားတယ်။ တစ်ကယ်တမ်းကျတော့ သူစဉ်းစားမိသွားတာပါ။ ဘာကြောင့်လဲဆိုတော့ ကောင်လေးကိုယ်တိုင်ပြောခဲ့တဲ့ သူဆိုတဲ့ အကြောင်းလေ။

နည်းနည်းဆူဆူညံညံ အုတ်အုတ်ကျက်ကျက်ဖြစ်သွားတာ ကြောင့် ရွာသူကြီးလက်ထောင်ပြီး ရပ်ဖို့တားတယ်။ သိတဲ့အတိုင်း အရပ်ကပုနေတော့ ဘယ်သူမှမမြင်ဘူး။ ဒါပေမယ့် အသံတွေ အုပ်သွားပါတယ်။ အဲဒီတော့မှ ကောင်လေးက ခေါင်းတစ်ချက်ငြိမ့်ပြီး

“ ဟုတ်ကဲ့… ကျွန်တော် ဒါကိုပဲမျှော်လင့်တာပါ ဖြစ်နိုင်ရင်မတောင်းဆိုပဲနဲ့တောင် ကျွန်တော်ပြောပြဖို့စိတ်ကူး ရှိခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့စိတ်ကူးယဉ်မှုက ကျွန်တော့်ဘက်က သေချာသလောက် အရာအားလုံးက မှုန်ဝါးဝါး ဖြစ်နေတာပဲ။ ဒ့ါကြောင့် ဒီရွာရဲ့မဖြစ်နိုင်တဲ့စိတ်ကူးယဉ်သူတွေအားလုံး ကျွန်တော့်စိတ်ကူးကို ၀ိုင်းဝန်း အဖြေရှာပေးဖို့ တောင်းဆိုချင်ပါတယ်…”

အားလုံးပိုပြီး တိတ်ဆိတ်သွားသည်။ အဓိပ္ပာယ်က အဖြေရှာမပေးချင်လို့မဟုတ်။ အကောင်းဆုံးတွေထွက်လာရန် အားလုံးအာရုံစုစည်းလိုက်ခြင်းသာ။ ကောင်လေးက အားလုံးကိုမကြည့်တော့ပဲ တစ်နေရာကို ငေးမောလိုက်တယ် နောက်မသိမသာ လှုပ်ခါနေတဲ့အသံတိုးတိုးနဲ့။

“ ကျွန်တော် ကောင်မလေးတစ်ယောက်ကိုချစ်တယ်…….”

မျှော်လင့်ထားသလို ထူးဆန်းနေတဲ့စကားတစ်ချို့တစ်ဝက်ကြောင့် အားလုံးအသက်မျှင်းမျှင်းရှူသံပဲ ကြားရတော့တယ်။ သေချာတာက သူတို့ထင်သလို ကောင်လေးစိတ်ကူးက သူတို့နဲ့မတူတာ သေချာနေပြီ။ မဖြစ်နိုင်တဲ့ စိတ်ကူးချင်းတောင်မှ လက်တွေ့ကျခြင်းလက်တွေ့မကျခြင်းဆိုတာရှိသလို အဲဒီလက်တွေ့ကျမကျ အထဲမှာမှေ၀၀ါးတာနဲ့ မေ၀၀ါးတာရှိသေးတာပဲ။ ကောင်လေးရဲ့စိတ်ကူးက ဘယ်လိုပါလဲ။ ခဏငြိမ်သက်သွားတဲ့ ကောင်လေးက ဆက်ပြီး……

“ ဒါကျွန်တော့်ဘက်က အသေအချာပဲ… ဒါပေမယ့်… သူ… ကျွန်တော့်ကို ပြန်ချစ်သလားမသေချာဘူး… တစ်ကယ်လို့သာ သူကျွန်တော်ကိုပြန်မချစ်ခဲ့ရင် ကျွန်တော်ဟာ မဖြစ်နိုင်တဲ့အရာကို စိတ်ကူးယဉ်သူတစ်ယောက်ပေါ့… ကျွန်တော် ဒ့ါကြောင့် ဒီကို တစ်ဖြည်းဖြည်းနဲ့ရောက်လာခဲ့တာ…..”

အားလုံးရဲ့ သက်ပြင်းတွေအချင်းချင်း ထိတွေ့ကုန်ကြတယ်။ တစ်ကယ်တော့ ရိုးရိုးလေးပဲ။ ဒါပေမယ့် ဒီကိစ္စက ဘောင်တစ်ခုထဲကို သွတ်သွင်းဖို့ ကျန်ရှိသေးတာ အားလုံးပဲ သတိမမူမိကြဘူး။ ဟုတ်တယ် ဒီကိစ္စသာ ပြဌာန်းလိုက်ရင် ဒီမဖြစ်နိုင်ရွာကြီးက တစ်ကမ္ဘာလုံး အနှံ့ကြီးထွားသွားလိမ့်မယ်။ ခုတော့ကောင်လေးကြောင့် သူတို့ စဉ်းစားမိသွားပြီ။ ဒါပေမယ့် ဘာပြန်ပြောရမလဲ အားလုံးက မသိကြတော့ဘူး။ မဖြစ်နိုင်တဲ့ စိတ်ကူးအကြီးကြီးကူးထားတဲ့ ရွာသူကြီးလဲ ပုသထက်ပုဝင်သွားတယ်။ တိတိကျကျပြောရရင် ငြိမ်သက်ခြင်းက တစ်မိနစ်တိတိ သွားကြာတယ်။ နှလုံးအတွက် ဆိုရင် အဲ့ဒါသေဆုံးဖို့အတွက် လုံလောက်တဲ့အချိန်ပဲ။ ဒါပေမယ့် သူတို့အားလုံးအသက်ဝင်လာပါတယ်။

“ ကျုပ်တစ်ခုလောက် ပြောချင်ပါတယ်… “

လက်ထောင်တဲ့လူတစ်ယောက် လူအုပ်ထဲက ထွက်လာတယ်။ ရွာသူကြီးက ကမန်းကတန်းပဲ လက်ထောင်ကာ ခွင့်ပြုလိုက်တယ်။ သူလည်းစိတ်စောနေပြီကိုး… ကြာရင်သူ့သိက္ခာနိမ့်နိမ့်က စင်အောက်ကို အသံတောင်မကြားရပဲ ပြုတ်ကျလိမ့်မယ်။ အဲဒီလူက လက်ကိုပြန်ရုတ်လိုက်တယ်။ နောက်လူအုပ်ထဲကပဲ……..

“ ကျုပ်အခုမှ အပြင်ကပြန်လာတာ….  အဲဒီကောင်လေးကိစ္စမပြောခင် သတင်းတစ်ခုကို အရင်ပြောချင်တယ်…. ဒီကနေ တော်တော်ဝေးတဲ့နိုင်ငံမှ ဟော်မုန်းကို အမျိုးမျိုးပြောင်းလဲလို့ရတဲ့ ဆေးနည်းတစ်မျိုးကို စမ်းသပ်အောင်မြင်သွားပြီတဲ့.. အဲဒီရဲ့အကျိုးသက်ရောက်မှုကတော့ အရမ်းဝလွန်းသူကို ချက်ချင်းပိန်သွားအောင် ပြုလုပ်ပေးနိုင်တယ်… ပိန်လွန်းသူကို လည်း ချက်ချင်းပဲ ရက်ပိုင်းတွင်းဝအောင် ပြုလုပ်ပေးနိုင်တယ်…. အဲ အရပ်ရှည်တဲ့သူကို ပုသွားအောင် လုပ်မပေးနိုင်ပေမယ့် ပုတဲ့သူကိုတော့ ရက်ပိုင်းလပိုင်းအတွင်း ရှည်သွားအောင် ဘယ်အသက်အရွယ်မဆို ပြုလုပ်ပေးနိုင်တယ်တဲ့…”

ဘာ………………..

ဘာပြောကောင်းမလဲ စကားတောင်မဆုံးသေးဘူး။ အသံနက်ကြီးနဲ့အော်ဟစ်ပြီး မတ်ခနဲဖြစ်သွားသူက ရွာသူကြီး။ ရှိနေတဲ့အရပ်လေးတောင် လက်မ၀က်လောက် ဆန့်ထွက်သွားသလိုပဲ။

 “ ဘာ… ပြောတယ်… မင်း… မင်းပြောတာအမှန်ပဲလား….”
  
လူအုပ်ထဲက လူကခေါင်းညိမ့်တယ်။ မြင်တော့ မမြင်ရပါဘူး။ ဒါပေမယ့် ညိမ့်တယ်လို့ပဲ အားလုံးက ယူဆလိုက်တယ်။ ဘာလို့လဲဆိုတော့ ရွာလူကြီးကပိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားတာကိုး…။
  
“ ဟာ… ဒါ… ဒါဆို….. ငါ့…ငါ့ရဲ့..စိတ်ကူး……”
  
ရွာသူကြီး အသံထပ်မထွက်လာတော့ဘူး။ လူပဲထွက်သွားတာ လှိမ့်ခနဲပဲ။ တိုနေတဲ့ခြေထောက်လေးတောင် မမြင်ရတော့ဘူး။ ဒါပေမယ့် အားလုံးပဲ နားလည်လိုက်ပါတယ်။ သူတို့ဆိုရင်လည်း ဒီလိုပဲဖြစ်မှာပဲ။ စစချင်းကတည်းက ပြောသားပဲ သူတို့က ဒီရွာမှာနေချင်လို့ နေနေကြတာမှမဟုတ်တာ။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်တော့ ဒီဟောခန်းမှာ နောက်ထပ်အမည်စာရင်းတစ်ခု တိုးလာတော့မှာသေချာပြီပေါ့။ ခဏကြာတော့ လူအုပ်ထဲက လူက စကားပြန်စတယ်။ ဒီတော့မှ အားလုံးလည်း ကောင်လေးကိစ္စကို ပြန်ပြီး အာရုံရောက်မိကြတယ်။
  
“ ကျုပ်ပြောချင်တာ အဲဒါပဲ ဒီမဖြစ်နိုင်ရွာကြီးမှာရှိတဲ့ စိတ်ကူးယဉ်သူအားလုံးမှာ တူညီချက်တစ်ခုရှိကြတယ်။ အဲဒါက ဘာလဲဆိုတော့ ဘယ်စိတ်ကူးတွေဖြစ်ဖြစ် စိတ်ကူးတွေကို ကိုယ့်ဘာသာကိုယ်ပဲဖန်တီးကြတယ်။ ကိုယ့်ဘာသာကိုယ်ပဲ ကျေနပ်ကြတယ်။ နောက်ဆုံး ကိုယ့်ဘာသာကိုယ်ပဲ ကိုယ့်စိတ်ကူးတွေကို ဖြစ်မြောက်အောင် လုပ်သွားကြတယ်။ ဘယ်သူ့ပယောဂမှမပါသလို ဘယ်သူ့ဆုံးဖြတ်ချက်မှလည်း မပါဘူး။ မဖြစ်နိုင်တဲ့သူချင်း ဆက်နွယ်မှုတစ်ခုတော့ ရှိတာပေါ့လေ.. ဒါ့ကြောင့်လည်း ကျွန်တော်တို့ဒီလို နေထိုင်နိုင်တော့ပေါ့။ ပြီးတော့ ဒီလိုလည်း ထွက်သွားနိုင်တာပေါ့။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီကောင်လေးရဲ့ကိစ္စကို အားလုံးစဉ်းစားပေးနိုင်ကြလိမ့်မယ်ထင်တယ်….”
  
အားလုံးမဖြေနိုင်ကြဘူး…။

ကောင်လေးလည်း အခုမှ စိတ်ဝင်တစားနဲ့ အသံလာရာကိုစူးစမ်းတယ်။ အခုထက်ထိ အသံရှင်ကို မမြင်ရသေးဘူး။ ပြောရရင် လက်ထောင်တာကလွဲလို့ ဘယ်သူမှ အသံရှင်ကို မမြင်ရဘူး။ အသံကလည်းဟိုနေရာလို ဒီနေရာလို ကိုယ့်ဘေးနားကလိုလို ထွက်ပေါ်နေတာ။
  
“ ခင်ဗျားကဘယ်သူလဲ…. ခင်ဗျားပြောသလိုဆို ဘယ်သူ့ပယောဂမှမပါပဲနဲ့ ကျွန်တော်သူ့ကိုချစ်တယ်.. ဒါပေမယ့် ဘာဖြစ်လို့ ခင်ဗျားတို့လို မသေချာနိုင်ရတာလဲ.. ဘယ်ကိစ္စကေ၀၀ါးနေတာလဲ… ဒါကျွန်တော့်ဘက်က မဟုတ်တာတော့ သေချာတယ်…”
  
“ ဟုတ်ပါတယ်.. ငါတို့အားလုံးလဲ ကိုယ့်စိတ်ကူးနဲ့ကိုယ် သေချာနေတာပဲ။ ဒါပေမယ့် ဒီကိစ္စကတော့ မင်းရဲ့စိတ်ကူး သက်သက်ဖြစ်နေတယ်။ ပြောရရင် တစ်ခြားသူရဲ့ပယောဂမပါပေမယ့် ဆုံးဖြတ်ချက်တွေပါဝင်နေတယ်။ ဒါကမင်းနဲ့ ငါတို့ရဲကွာခြားချက်ပဲ…”

 “ ဘယ်လိုဆုံးဖြတ်ချက်လဲ……”
  
မှုန်မှိုင်းနေတဲ့မျက်ဝန်းတွေ လှဲကျင်းလိုက်သလို ဖြစ်လာပြီး ကောင်လေးရှေ့တစ်လှမ်းတိုးလိုက်တယ်။
  
“ မင်းကို ဒီမဖြစ်နိုင်ရွာသားတစ်ယောက် ဖြစ်လာမဖြစ်လာကိုပေါ့……”
  
“ ကျွန်တော်အခုဒီရောက်နေပြီမဟုတ်လား… ဘာကထပ်ပြီး လိုအပ်နေသေးလို့လဲ…..”
  
အလျှင်လိုတဲ့မေးခွန်းကို အသံရှင်က တည်တည်ငြိမ်ငြိမ်ပဲ
  
“ ဒီမှာကောင်လေး……. စိတ်ကူးယဉ်ရုံနဲ့ ဒီရွာကို ရောက်ဖို့ဆိုရင် မင်းစိတ်စောတာထက်ပိုပြီး အကောင်းမမြင်တတ်တဲ့ လူဖြစ်သွားလိမ့်မယ်။ ပြီးတော့ငါတို့အားလုံးကလည်း အဲဒီလောက် အကျိုးအကြောင်း မခိုင်လုံသူတွေ မဟုတ်ဘူးကွ။ ဒီတော့ကွာ… မင်းနားလည်အောင်ပဲ မေးလိုက်မယ်။ မင်းက ကောင်မလေး တစ်ယောက်ချစ်တယ်.. အဲဒါနဲ့ ပတ်သက်ပြီး အဲဒီကောင်မလေးရဲ့သဘောထားကို မင်းသိရပြီလား….”
  
ဒီတစ်ခါတိတ်ဆိတ်သွားသူက ကောင်လေးဖြစ်သွားတယ်။ ဟုတ်တယ် သူမဖြေနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူအဲတာကိုမှ သေချာအောင် မလုပ်ခဲ့တာ။ ဒါနဲ့များ သူဒီကို တစ်ဖြည်းဖြည်းနဲ့ရောက်ခဲ့သေးတယ်။
  
“ ဒါဆို………….”
  
“ ဆန္ဒမစောနဲ့ဦးကောင်လေး…. မင်းကို ဒီမဖြစ်နိုင်ရွာသားမဟုတ်ဘူးလို့ တစ်ခွန်းမှ မပြောမိသေးဘူး။ အခန့်မသင့်ရင် မင်းက ဒီရွာသားမကဘူး တစ်သက်လုံးလုပ်ရမယ့် ရွာသူကြီးပါ ဖြစ်သွားနိုင်တယ်။ အခုမင်းက မျဉ်းကြောင်းတစ်ကြောင်း ပေါ်မှာပဲ…”
  
အားလုံးကမတိုင်ပင်ပဲ လစ်လပ်သွားတဲ့ သူကြီးနေရာကို ကြည့်ကြတယ်…

ကောင်လေးငိုင်ကျသွားတယ် ဒါပေမယ့် စိတ်ပျက်လက်ပျက်နဲ့ ငိုင်ကျသွားတာမျိုးမဟုတ်ဘူး။ မျှော်လင့်ချက်တစ်ခုကို စဉ်းစားရင်းငိုင်ကျသွားတာ။ ခဏကြာမှ သူဘာလုပ်ရမလဲ သိသွားတယ်။ လူအုပ်ထဲကို ဝေ့ကြည့်လိုက်တော့ ခုနက မမြင်ရတဲ့ အသံရှင်ကလည်း အခုလည်း မမြင်ရပါဘူး။ ဒါ့ကြောင့်ခြေလှမ်းတွေကိုပဲ သူရွှေ့လိုက်တယ်။ ဖြည်းဖြည်းချင်း နောက်မြန်မြန်ဆန်ဆန်ပေါ့။

အားလုံးက ငြိမ်လည်းမငြိမ်ကြဘူး။ ဆုလည်းမတောင်းပေးကြဘူး။ ဒီလိုနဲ့…. ကောင်လေးနှုတ်ကပဲ….

ကောင်မလေးရေ မင်းကြားတဲ့အတိုင်းပဲ…..။ ငါဟာမျဉ်းတစ်ကြောင်းပေါ်မှာပါ…။ မင်းရဲ့ဆုံးဖြတ်ချက်က ငါရွာသူကြီးတစ်ယောက် ဖြစ်သွားနိုင်တယ်ဆိုရင် မင်းရယ်မှာလား…။ ငါကတော့ မရောက်ချင်ပေမယ့် သွားရရင်လည်း ပျော်မှာပဲ….။ မဖြစ်နိုင်ရွာမှာ မဖြစ်နိုင်တာကို စိတ်ကူးယဉ်ရင်းနဲ့ပေါ့….။ အဲဒီအဖြေအတွက် ငါအရောက်လာခဲ့မယ်…. မျဉ်းကြောင်းပေါ်က ငါ့ကို မင်းရဲ့စကားတစ်ခွန်းနဲ့ လုပ်ချင်ရာလုပ်လိုက်ပါ…..။

ငါကတော့……….လေ……..

                                                                           နေကောင်းကင်နီ(ပုံပြင်)

                                                                                              http://sunredsky.blogspot.com/
ဆက်ဖတ်ရန်

blind SQL ebook

blind SQL ထိုးတဲ့ စာအုပ်လေးပါ တန်ဖိုးထားတတ်ရင် pentesting သမားတွေအတွက်ရွှေလို့ ပြောလို့ ရပါတယ် စာအုပ်တွေသာ ရှာပြီးတင်နေတာ ကျွန်တော်ကိုယ်တိုင်က ဘာမှမတတ်ပါဘူး လေ့လာချင်တဲ့သူတွေ အတွက် အဆင်ပြေအောင်ရှာပြီး တင်ပေးနေတာပါ အောက်ကလင့်မှာဒေါင်းလိုက်ပါဗျ
download
ဆက်ဖတ်ရန်

batch file programming ebook

batch file ကို လေ့လာနေတဲ့သူတွေအတွက် ရှာပြီး တင်ထားပါတယ်
ကို ဇင်ကိုဦးရေးထားတာပါ
ကျွန်တော်နဲ့ တော့မဆိုင်ဘူး ကျွန်တော် programming ပိုင်းကို စိတ်ဝင်စားတယ် ဥာဏ်မမီလို့  မလိုက်နိုင်ဘူး :D အောက်ကလင့်မှာဒေါင်းလိုက်ပါဗျ

box down link
ဆက်ဖတ်ရန်

Sunday, September 29, 2013

<<<<<<< စကားတစ်ခွန်းက ဘ၀တစ်ခုကို ပြောင်းလဲစေသည် >>>>>>>


ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတစ်ခုမှာ မိခင်တစ်ဦးက ၃နှစ်သား ကလေးငယ်ကို
ရောင်စုံ မိုးပျံပူစီဖောင်းတစ်လုံး ဝယ်ပေးခဲ့တယ်။ ကလေးငယ်က ပူစီဖောင်းက
ကြိုးသေးလေးကို ကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ခွ ခုန်ခွနဲ့ ပျော်နေခဲ့တယ်။
ပွဲခင်းထဲမှာ ပြေးလွှားကစားရင်း မမျှော်လင့်ဘဲ လက်ထဲက ပူစီဖောင်း
လွတ်သွားခဲ့တယ်။

ရုတ်တရက်မို့ ကလေးငယ်က အံ့သြတုန်လှုပ်ပြီး ကောင်းကင်ပေါ် တက်သွားတဲ့
ပူစီဖောင်းကိုကြည့်ပြီး နှမြောတသနဲ့ ငိုမဲ့မဲ့ဖြစ်နေခဲ့တယ်။ ဒါကို
ထက်မြက်တဲ့ မိခင်ကမြင်တော့ သားရှေ့ထိုင်ချပြီး ဝမ်းသာပျော်ရွှင်တဲ့ အသံနဲ့
"သားရေ.. ကြည့်စမ်း ပူဖောင်းရဲ့မေမေက ပူဖောင်းကလေးကို ထမင်းစားပြန်ဖို့
ခေါ်သွားပြီ.. သား လက်ပြ နှုတ်ဆိတ်လိုက်လေ" လို့ ပြောလိုက်တယ်။

ထူးခြားဆန်းသစ်တဲ့ မိခင်ရဲ့စကားကြောင့် ဝမ်းနည်းတာတွေကို သားတဒင်္ဂ
မေ့သွားခဲ့ပြီး အမြင့်ပေါ် ပျံတက်သွားတဲ့ ပူစီဖောင်းကို
လက်ပြနှုတ်ဆက်နေခဲ့တယ်။ ပါးစပ်မှာလည်း "တာ့တာ.. တာ့တာ" နဲ့ ဝဝကစ်ကစ်
ကလေးငယ်ရဲ့ မျက်နှာမှာ လင်းလက်တဲ့ အပျော်တွေ သမ်းနေခဲ့တယ်။

ဒီမြင်ကွင်းက ကျွန်တော့် မျက်စိကနေတစ်ဆင့် ရင်ထဲကို စူးစူးနစ်နစ်
ထိုးဝင်ခံစားစေခဲ့ပါတယ်။

မိခင်က အခက်အခဲကို ကယ်ဆယ်လိုက်ရုံမက ဝမ်းနည်းစိတ်ကို ပျော်ရွှင်စိတ်ဘက်
မသိမသာ ပြောင်းရွေ့လိုက်ပြီး ကျန်းမာတဲ့အမြင်ကို သားရင်ထဲ
အရောက်ပို့ပေးခဲ့တယ်။

တစ်ကယ်တော့ ဘဝမှာဖြစ်ပျက်တဲ့ ပြဿနာ အခက်အခဲကိစ္စတွေလည်း
ဖြေရှင်းပုံမမှန်ခဲ့ရင် အဆိုးဘက် ပိုရောက်ပြီး ပြဿနာကို
ကြီးထွားစေနိုင်ပါတယ်။

အကယ်၍ ပူစီဖောင်း ပျံတက်သွားတဲ့ တခဏမှာ မိခင်က " မငိုနဲ့ သား.. မငိုနဲ့
မေမေနောက်တစ်လုံး ဝယ်ပေးမယ်" လို့ ပြောခဲ့ရင် သားရဲ့ စိတ်ထဲမှာ "ကိုယ်
အမှားလုပ်ခဲ့မိရင် လူကြီးတွေက တာဝန်ယူလိမ့်မယ်၊ လူကြီးတွေက ဖာထေးပေးမယ်၊
အလျှော်ပေးမယ်" ဆိုတဲ့ အတွေးမှားမျိုး ဝင်ရောက်နိုင်ပါတယ်။
ဒီလိုအတွေးမှားက အကျင့်တစ်ခုလို သူရင်မှာ ခိုအောင်းနေလိမ့်မယ်။

အကယ်၍ မိခင်က " အာ.. ကြည့်စမ်း.. ဒီလောက်တောင် တုံးရသလား?
ပူဖောင်းတစ်လုံးကိုတောင် မြဲအောင် မကိုင်နိုင်ဘူးလား" လို့ ဆူပူခဲ့ရင်
ကလေးငယ်က ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့လာပြီ ဒါလေးတောင်
ငါမလုပ်နိုင်ဘူးဆိုတဲ့ သိမ်ငယ်စိတ်တွေ ဝင်သွားနိုင်ပါတယ်။

အကယ်၍ မိခင်က "ဟင်း.... ပူဖောင်းရောင်းတဲ့လူ သွားလိုက်ပြီ။ သားကို မေမေ
နောက်တစ်လုံး ဝယ်ပေးလို့ မရတော့ဘူး" လို့ သက်ပြင်းချ ငြီးငြူခဲ့ရင်
နောင်တစ်ချိန်မှာ အခက်အခဲနဲ့ ကြုံလာတဲ့အချိန် ကလေးငယ်မှာလည်း
စိတ်ပျက်ငြီးငြူ၊ လက်လျော့မှုတွေ များလာတတ်ပါတယ်။

အပေါ်က မိခင်လို အဓိပ္ပါယ်ရှိတဲ့ ထီထွင်ဆန်းသစ်မှုအသစ်နဲ့ ကလေးငယ်ရဲ့
ဝမ်းနည်းနေတဲ့အာရုံကို အဝေးသို့ လွင့်စင်သွားနိုင်အောင်
ဆွဲဆောင်နိုင်ခဲ့သလို ကလေးငယ်ရဲ့ တွေးတောလိုစိတ်ကို
တံခါးဖွင့်ပေးလိုက်နိုင်ခဲ့ပါ
တယ်။

အဲဒီအပြင် ထမင်းစားချိန်မှာ မေမေထမင်းစားခေါ်လို့ သူပြန်သွားတယ်ဆိုတဲ့
မိခင်စကားကို နားထောင်တဲ့ ကလေးတစ်ဦးအဖြင့် ကလေးငယ်ကို
လှပတဲ့အတွေးဝင်စေခဲ့ပါတယ်။

အဆိုးကို အကောင်းပြောင်းတာမှန်ပေမယ့် အဲဒီအပြောင်းအလဲကြားမှာ
အကျိုးရှိတဲ့ အတွေးလေးတွေ၊ ဆန်းသစ်မှုတွေလည်း လိုအပ်ပါတယ်။
အမြဲတမ်း ရှိနေပါတယ်


လူတစ်ချို့ ကိုယ့်ဘဝထဲ ဝင်လာကြတယ်။ ဒါပေမယ့် တစ်ချို့က မြန်မြန်ဆန်ဆန်
ထွက်ခွါသွားကြတယ်။ တစ်ချို့က ခဏလေး ရပ်နားပေမယ့် တစ်ချို့က
ကြာကြာရပ်နားပြီး ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ ကိုယ့်ရင်ဘတ်မှာ
လှပတဲ့ အမှတ်တရခြေရာတွေ ထွင်းရစ်ခဲ့ကြတယ်။

တစ်ချို့က ကိုယ့်အတွက် ဂုဏ်ယူကြတယ်။
တစ်ချို့က ကိုယ့်ကို သတိရကြတယ်၊ ဂရုစိုက်ကြတယ်။
တစ်ချို့က ကိုယ်နဲ့ စကားပြောချင်ကြတယ်။
တစ်ချို့က အခက်အခဲ တွင်းနက်ထဲ ကိုယ်ပြုတ်မကျဖို့ မျှော်လင့်ကြတယ်။
တစ်ချို့က ကိုယ်ကူညီခဲ့တာကို ကျေးဇူးတင်နေတယ်။
တစ်ချို့က အရာရာ အဆင်ပြေချောမွေ့ဖို့ ကိုယ့်ကို ဆုတောင်းပေးကြတယ်။
တစ်ချို့က ကိုယ့်လက်ကို ဆုတ်ကိုင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို အကာအကွယ်ပေး စောင့်ရှောက်ချင်တယ်။
တစ်ချို့က ဒီလောကမှာ ကိုယ်အသက်ရှင် ရှိနေမှန်း အသိအမှတ်ပြုပေးတယ်။
တစ်ချို့က ကိုယ့်ကို လက်ဆောင်တစ်ခုပေးနိုင်ဖို့ ဆန္ဒရှိနေတယ်။
တစ်ချို့က ကိုယ့်အောင်မြင်မှုအတွက် ဂုဏ်ယူပြီး ပွေ့ဖက်ချင်တယ်။
တစ်ချို့က သူ့အတွက် ကိုယ်ဟာ အကောင်းဆုံးလက်ဆောင်လို့ ထင်တယ်။
တစ်ချို့က ကိုယ့်ကို သိပ်မအေး၊ သိပ်မပူဘဲ သက်တောင့်သက်သာ နေနိုင်ဖို့
မျှော်လင့်တယ်။
တစ်ချို့က ကိုယ့်အကြောင်းကို တွေးပြီး ပြုံးနေတတ်တယ်။
တစ်ချို့က ကိုယ်နဲ့သာဆိုရင် ဘာမဆို ရင်ဆိုင်ရဲသတဲ့။
တစ်ချို့က ကိုယ့်ရဲ့ကြံ့ကြံ့ခံနိုင်မှုကို အားကျတယ်။
တစ်ချို့က ကိုယ့်ပုခုံးထက်မှာ ခိုမှီနားနေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ အပျော်တွေ မျှဝေချင်တယ်။
တစ်ချို့က ကိုယ့်ရဲ့ခွင့်လွတ်ခြင်းကို တောင့်တနေတယ်။
တစ်ချို့က ကိုယ်ခွင့်လွတ်လိုက်လို့ ပျော်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ လွတ်လွတ်လပ်လပ် ရယ်မောနေချင်တယ်။
တစ်ချို့က ကိုယ့်နဲ့တွေ့ရဖို့ အချိန်တွေကို မစောင့်နိုင်တော့ဘူးတဲ့။
တစ်ချို့က ကိုယ့်ကို မှတ်မိနေပြီး သူ့တို့ဘေးမှာ ကိုယ်အမြဲ ရှိနေစေချင်ခဲ့တယ်။
တစ်ချို့က ကိုယ့်စိတ်ဝိညာဉ်ကိုတောင် တန်ဖိုးထားတယ်။
တစ်ချို့က ကိုယ့်ကိုယ်ဖန်ဆင်းခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်နေတယ်။
တစ်ချို့က ကိုယ့်ကိုသူဘယ်လောက် မြတ်နိုးကြောင်း ပြောပြချင်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ သူ့အိပ်မက်ကို မျှဝေခံစားစေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ ရှိနေတဲ့အခါ အချိန်ကို ရပ်တန့်ထားချင်ခဲ့တယ်။
တစ်ချို့က သူ့ကိုကိုယ်သတိထားမိဖို့ မျှော်လင့်နေတယ်။
တစ်ချို့က ကိုယ့်ကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။
တစ်ချို့က ကိုယ်နဲ့အတူ အမြဲတမ်း ရှိနေချင်တယ်။
တစ်ချို့က ကိုယ့်ရင်ခွင်ထဲ တိုးဝင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို သူ့ရင်ခွင်ထဲ ထွေးပွေ့ထားချင်တယ်။
တစ်ချို့က ကိုယ်နဲ့သူငယ်ချင်း ဖြစ်ချင်နေတယ်။
တစ်ချို့က ကိုယ်က သူ့သူငယ်ချင်းဖြစ်နေလို့ ပျော်ရွှင်နေတယ်။
တစ်ချို့က ကိုယ့်ကို ပိုနားလည်ချင်နေတယ်။
တစ်ချို့က ကိုယ့်ကို ယုံကြည်တယ်။ တစ်ချို့က ကိုယ့်ယုံကြည်မှုကို လိုနေတယ်။
တစ်ချို့က ဒီစာကိုဖတ်ပြီး ကြည်နူးနေတယ်။ တစ်ချို့က မျက်ရည်ဝဲနေတယ်။
တစ်ချို့က ကိုယ့်ဆီက ဒီလိုအီးမေးလ်မျိုးကို မျှော်နေတယ်။
တစ်ချို့က ကိုယ့်အားပေးတာကို လိုအပ်နေတယ်။
တစ်ချို့က ကိုယ့်ကို အားပေးနေတယ်။
တစ်ခါတလေမှာ ကိုယ်မေ့နေခဲ့ပြီလား...!
တစ်ခါတလေမှာ ကိုယ်တစ်ယောက်တည်းဆိုတဲ့ အတွေးနဲ့အားငယ်နေခဲ့ပြီလား..!
တကယ်တော့ အမြဲတမ်း ကိုယ့်ကို ဂရုစိုက်၊ အလေးထားတဲ့လူတွေက ကိုယ့်ဘေးမှာ

မေးလ်ထဲရောက်လာတဲ့ စာလေးကိုမျှဝေလိုက်တာပါ။
ရွှင်လန်းချမ်းမြေ့ကြပါစေ။ အားလုံးကိုလေးစားလျက်။
ချောလေး
ဆက်ဖတ်ရန်

Your Device is slower with iOS 7? Here is How to Speed it up !

1.Use “Increase Contrast” to Eliminate Transparency & Blur Effects
IOS 7 မှာပါတဲ့ Transparency and blur effects တွေက ဖုန်းကို လေးစေပြီးတော့ battery အကုန်မြန်စေတဲ့ထဲမှာပါပါတယ် အဲ့ဟာကို ပိတ်ဖို့ အတွက်က Settings > General > Accessibility then turn Increase Contrast On အောက်ကပုံမှာ တစ်ချက်ကြည့်လိုက်ပါဦး2. Turn Off Background App Refresh
background မှာ application တွေ autp refresh လုပ်နေတာကလဲ battery ကုန်စေတဲံ အကြောင်းအရာ တစ်ခုပါပဲ . အဲ့ဒါကို ပိတ်ပြီး iDevice performance ကို မြှင့်ရအောင် ဘယ်လိုလဲဆိုတော့ ဒီလိုဗျ go to Settings > General > Background App Refresh then turn it Off အောက်ကပုံကို တစ်ချက်ကြည့်လိုက်ပါဦး

3. Turn On Motion Reduction
go to Settings > General > Accessibility > Reduce Motion then turn it On
တတ်နိုင်သလောက် နားလည်လွယ်အောင် ရေးထားပါတယ်ဗျ အဆင်ပြေကြပါစေ
ဆက်ဖတ်ရန်

Friday, September 27, 2013

တာတွေကို သင်ပိုင်ဆိုင်ပါစေ



အခန်းကို ဘာအရောင်သုတ်မလဲလို့ မဆုံးဖြတ်ရသေးခင် ရိုးရှင်းပြီး ရှေးကျတဲ့ အဖြူရောင်ကို အရင်စမ်းသုတ်ကြည့်ပါ။
တစ်ခါတလေရိုးရှင်းပြီး ရှေးကျတဲ့နည်းလမ်းတွေက ဘေးကင်းလုံခြုံတဲ့ နည်းလမ်းဖြစ်တယ်။
တစ်ပတ်မှာ တစ်နပ်လောက် ချွေတာပါ။ စားမယ်လို့ ရည်ရွယ်ထားတဲ့အစာကို ချို့တဲ့သူတွေအတွက် ပေးကမ်းစွန့်ကြဲပါ။
အစာကိုစွန့်နေချိန်အတွင်းမှာ တပြိုင်နက် မေတ္တာကိုလည်း သင်စွန့်နေပါတယ်။
တကယ်လို့ ဖြစ်နိုင်ရင် ကလေးတွေကို (၁၆)နှစ်ပြည့်တာနဲ့ အလုပ်တစ်ခုရှိဖို့ အားပေးကူညီပါ။ ဒါဟာ လူ့ဘဝအရသာကို
အချိန်စောပြီး သူတို့ ခံစားသိမြင်စေသလို အရာရာ ခက်ခဲကြောင်း သူတို့နားလည်စေပါတယ်။
ရိုမန်တစ်ဆန်တဲ့ ခံစားချက်ကို လက်ကိုင်ထားပါ။ ဒါဟာ အချစ်ကို ထာဝရလတ်ဆတ်စေသလို လူ့ဘဝကို ကြာရှည်ခံစေတဲ့အရာဖြစ်တယ်။
သားသမီးတွေကို အကောင်းဆုံးအရာမပေးနိုင်မှာကို စိတ်မပူပါနဲ့။ သူတို့အတွက် အကောင်းဆုံး"သင်"ကိုပဲ
ပေးပါ။ ဒါဟာ သူတို့အလိုချင်ဆုံးအရာဖြစ်သလို သူတို့ရဲ့ အလိုအပ်ဆုံးလည်းဖြစ်ပါတယ်။
အမုန်းဆိုတာ အလွယ်တကူ ကူးစက်တတ်တဲ့ ခံစားချက်ဖြစ်တယ်။ ဒါကြောင့် အမုန်းကို စိတ်ထဲ အဝင်မခံပါနဲ့။ ဒီနေ့အထိ လူတွေ
တိုးပွားလာရတာဟာ အမုန်းကြောင့်မဟုတ်ဘဲ အချစ်ကြောင့်ဖြစ်ပါတယ်။
သက်ရှိတိုင်းက လေးစားထိုက်သူတွေပါ။ လေးစားမှုတွေ ရင်ဝယ်ပိုက်ပြီး သက်ရှိတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့
ရှင်သန်ကြီးပြင်းဖို့ ကျွန်တော်တို့ ဆန္ဒပြုရအောင်...
သူငယ်ချင်းကောင်းဆိုတာ သင်ရဲ့ကိုယ်ခွဲလေးပါ။ အဖော်ကောင်းတစ်ယောက် ပိုင်ဆိုင်တာဟာ လူ့ဘဝခရီးလမ်းမှာ သင့်ကို အထီးမကျန်စေပါဘူး။
ကတိဆိုတာ နှလုံးသားတစ်ခုက အခြားနှလုံးသားတစ်ခုကို သစ္စာပြုတာဖြစ်တယ်။ ဒါကြောင့် ကတိတည်ပါစေ။
အေးဆေးတည်ငြိမ်တဲ့ ညချမ်းတစ်ခုမှာ တစ်ယောက်တည်း မြက်ခင်းပေါ်လဲပြီး ကောင်းကင်က ကြယ်ကလေးတွေကို ရေတွက်ပါ။ စိတ်လည်း
အပန်းဖြေဖို့လိုပါတယ်။
အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ အချက်နှစ်ချက်လိုအပ်တယ်။ တစ်..အသင့်တော်ဆုံးလူကို ရှာယူပါ။ နှစ်..
အသင့်တော်ဆုံးလူဖြစ်အောင် ကြိုးစားပါ။ ဒီနှစ်ချက်မှာ တစ်ချက်ချက် မရှိလို့
မဖြစ်ဘူးဆိုတာ မြဲမြဲမှတ်ပါ။
လျှပ်တစ်ပြက်အောင်မြင်ဖို့ အချိန်(၁၅)နှစ် လိုအပ်တယ်။ အောင်မြင်ခြင်းရဲ့ တောက်ပမူကိုသာမြင်ပြီး မအောင်မြင်ခင် ကြုံတွေ့ရတဲ့
အခက်ခဲတွေကို လျစ်လျူမရှူလိုက်နဲ့။ တစ်ကြိမ်အောင်မြင်ဖို့ ကျဆုံးခြင်းတွေ အများကြီး
စုပုံရပါတယ်။
အားလပ်ရက်မှာ နေ့တစ်ဝက်လောက် အချိန်ခိုးပြီး အနားယူ အိပ်စက်ပါ။ နိုးလာတဲ့အခါ သင့်စိတ်ဟာ မွန်းလွဲနေရောင်ခြည်လို
ကြည်လင်တောက်ပနေလိမ့်မယ်။
သင်မွေးနေ့မှာ သင်ကိုယ်တိုင် သစ်ပင်တစ်ပင်စိုက်ပါ။ သစ်ပင်ကို သင်နဲ့အတူ ရှင်သန်ကြီးထွားပါစေ။
ငယ်ရွယ်နုပျိုစဉ်မှာ ဓာတ်ပုံများများရိုက်ပါ။ အကောင်းဆုံးကာလကို ဘဝမှာ အမှတ်တရချန်ခဲ့ပါစေ။
တခြားသူက သင့်ကို ကတ် သို့မဟုတ် လက်ဆောင်ပေးတဲ့အခါ ကျေးဇူးတင်လွှာရေးပို့ဖို့ မမေ့ပါနဲ့။
ကလေးသူငယ်တွေကို စည်းကမ်းတကျ သင်ပြောဆိုဆုံးမပြီးနောက် သူတို့ကို စိတ်ပါလက်ပါ ပွေ့ဖက်ပါ။ သူတို့ကို သင်ဘယ်လောက်ချစ်တယ်၊ ဂရုစိုက်တယ်ဆိုတာကို သူတို့သိပါစေ။
များပြားလှတဲ့ အလုပ်ကြောင့် သင့်ရဲ့နှစ်ပတ်လည်နေ့ကို ဘယ်တော့မှ မမေ့လိုက်နဲ့။ ဘဝမှာရှိတဲ့ နေ့ထူးနေ့မြတ်တိုင်းက သင့်ဘဝမှာစုဆောင်းမိတဲ့ အကောင်းဆုံး
စည်းစိမ်ချမ်းသာတွေဖြစ်တယ်။
မသိတတ်၊ နားမလည်တတ်သူတွေအတွက် ကောင်းတာတွေ လုပ်ပေးပါ။ သူတစ်ပါးကို ကူညီတာ တုန့်ပြန်မှုတွေ မလိုပါဘူး။
 သင့်မျက်စိရှေ့က မြင်ကွင်းကို အမြဲလှပအောင် ထိန်းသိမ်းပါ။ ပုလင်းထဲထိုးထားတဲ့ ပန်းတစ်ပွင့်ဆိုရင်လည်း လှပနေပါစေ။
သင့်နာရီကို ငါးမိနစ်မြန်ထားပါ။ ဘာပဲလုပ်လုပ် တခြားသူထက် သင်ခြေတစ်လှမ်း မြန်နေပါစေ။ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိပါစေ။
စွန့်စားခြင်းဆိုတာ ရဲဝံ့ခြင်းပဲ။ တကယ်လို့ သင်မစွန့်စားရင် အောင်မြင်ခြင်းရဲ့ ရဲဝံ့မှုကို သင်မသိဘူး။ စွန်းစားခြင်းထဲကနေ အောင်မြင်တဲ့လူ့ဘဝကို ရှာယူပါ။
သင့်အကြိုက်ဆုံး တေးဂီတနဲ့ နေ့ရက်တိုင်းကို ဖွင့်ပါ။ ဂီတဆိုတာ စိတ်ဝိညာဉ်ရဲ့သီချင်းဖြစ်တယ်။ မနက်ခင်းတိုင်းမှာ စိတ်ဝိညာဉ်ကို ကြည်လင်လန်းဆန်းပြီး
နေ့ရက်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။
လင်မယားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် စိတ်ထိခိုက်စေတဲ့အခါ ဘယ်သူ့အမှားပဲဖြစ်ဖြစ် အရင်ဆုံးတောင်းပန်တတ်ဖို့ သင်ယူပါ။ "ဆောရီးပဲ.. နင့်ကို ဒေါသထွက်စေခဲ့ပြီ။
ငါ့ကိုခွင့်လွတ်ပါ"။ ဒါဟာ စိတ်ထိခိုက်တာကို ကုသတဲ့ အကောင်းဆုံးဆေးဖြစ်တယ်။
တစ်ယောက်ယောက်က သင့်ကိုပွေ့ဖက်တဲ့အခါ သင့်ရင်ခွင်ထဲကနေ သူအရင် ခွာပါစေ။ သင့်ဝေးရာကို အချစ်မထွက်သွားမချင်း အချစ်ကို သင့်ဖက်ကစပြီး အရင်လက်မလွတ်ပါနဲ့။
သိလိုစိတ်တွေ အမြဲပြင်းပြနေပါစေ။ "ဘာကြောင့်" ဆိုတာကို များများမေးပါ။ ဒါဟာ ထိုးထွင်းဖန်တီးနိုင်စွမ်းကို ဖြစ်စေပြီး ဘဝကို မညှိုးနွမ်း မခြောက်သွေ့စေတဲ့
ရင်းမြစ်ဖြစ်တယ်။
အချစ်မှာ ထူးခြားဆန်းကြယ်တဲ့ ဆွဲဆောင်မှုတွေရှိတယ်။
အချစ်က လေကို တိုက်ခိုက်စေနိုင်သလို မိုးကိုလည်း ရွာသန်းစေတယ်။
လူကို သေရာက ရှင်သန်လာစေတယ်။ လူကို အမြဲနုပျိုစေတယ်။
ဒါကြောင့် အချစ်ရဲ့အင်အားကို ဘယ်တော့မှ အထင်မသေးပါနဲ့။
အနာဂတ်မှာ ဖြစ်ပျက်လာမယ့်အကြောင်းကို စိုးရိမ်ပူပန်လွန်ပြီး မျက်စိရှေ့က လှပတဲ့အရာတွေကို လက်မလွတ်မိစေနဲ့။ ပစ္စုပန်မှာ နေပျော်တတ်ဖို့ သင်ယူပါ။ အနာဂတ်ကို
ကြိုတင်တွေးကြောက်သူဟာ လက်ရှိတန်ဖိုးရှိတဲ့အရာတွေနဲ့ ပိုပိုဝေးသွားပါလိမ့်မယ်။
အိမ်၊ အမေကို မကြာခဏ ဖုန်းဆက်ပါ။ အချစ်ရှိရင် လွမ်းဆွတ်မှုက ရှိစမြဲပါ။ တခြားလူကို လွမ်းဆွတ်ခြင်းရဲ့ ညင်းပန်းမှုဒဏ်တွေ မခံပါရစေနဲ့။ ဖုန်းဆက်တာဟာလည်း
ချစ်ကြောင်းကိုတခြားနည်းနဲ့ ထုတ်ဖော်ပြသခြင်းပါပဲ။
အချစ်အတွက်နဲ့ လက်ထပ်ပါ။ အချစ်စစ်မှာ ဘာအကြောင်းပြချက်မှ မလိုဘူး။ လက်ထပ်ခြင်းမှာ အချစ်ဆိုတာ လိုအပ်သလို ဒါဟာလည်း ခိုလှုံခြင်းဖြစ်တယ်။
အခွင့်အရေးကို အေးဆေးသက်သာ ရှာလို့မရဘူး။ အေးဆေးသက်သာဆိုတာ ကမ်းစပ်မှာရပ်နေတဲ့ လှေငယ်လေးလိုဖြစ်တယ်။ အေးဆေးသက်သာရပ်နေပြီး မလှုပ်ရှားလို့ လှေအောက်ပိုင်းဟာ မကြာခင်မှာ ဆွေးသွားတော့မယ်။
နေ့ရက်တွေကို ရိုးရိုးရှင်းရှင်းဖြတ်ကျော်ပါ။ ရိုးရှင်းတာက ဘဝကို ပိုလက်တွေ့ကျစေသလို တန်ဖိုးအရှိဆုံးလည်းဖြစ်တယ်။
ေ***တစ်ကောင်ဖြစ်ဖြစ်၊ အခြားတိရစ္ဆာန်ပဲဖြစ်ဖြစ် မွေးမြူကြည့်ပါ။ သက်ရှိတစ်ခုကို ဘယ်လို တန်ဖိုးထား ဂရုစိုက်ရမယ်ဆိုတာကို သင်နားလည်လာလိမ့်မယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။ အားလုံးကို လေးစားလျက်။
ချောလေး
ဆက်ဖတ်ရန်

အသားလှုပ် ဟောကိန်း

ထိပ်ဦးအသား၊ လှုပ်ဘိငြားမူ၊ မင်းများကြည်ညွတ်၊ ပူဇော်လတ်အံ့။အမြတ်တင်ရာ၊ လယ်ယာဦးကင်း၊ လှုပ်ခြင်းတဖြာ၊ လက်ယာအက္ခိ၊ မျက်စိအပေါ်၊ လှုပ်သော်တကြောင်း၊ ခင်ပွန်းကောင်းနှင့်၊ ပေါင်းမိတတ်စွ၊ လာဘ်သော်ရလိမ့်။

အောက်ကလှုပ်မူ၊ ချစ်သူရန်လို၊ မျက်ပိုစမြဲ။
လက်ဝဲမျက်ခုံး၊ လှုပ်သည့်ထုံးကား၊ ကံဘုန်းထွန်းသစ်၊ ကြံတိုင်းဖြစ်လိမ့်။

မျက်ရစ်အောက်သား၊ လှုပ်ခဲ့ငြားမူ၊ မြေး-သား-မျိုးဆွေ၊ ပျက်စီးလေ၍။

မျက်ရည်ကျငြား၊ လက်ယာနားမူ၊ ရန်ပွားခိုက်ဆစ်၊ ဖြစ်အံ့တချက်၊ ရာထူးတက်လိမ့်။

လက်ဝဲနားမှာ၊ လာဘ်များစွာ၏။
နှာခေါင်းစင်စစ်၊ တုန်လှုပ်လစ်မူ၊ ချစ်သည်သူနှင့်၊ ကလူကျီစယ်၊ ပျော်ရဖွယ်တည့်။

ထက်ဝယ်နှုတ်ခမ်း၊ လှုပ်ဆမ်းဘိငြား၊ စကားရန်စ၊ တွေ့လေရအံ့။
အောက်ကလှုပ်လာ၊ ဝေးရပ်ရွာမှ၊ ရောက်လာစကား၊ သတင်းကြား၏။
ပါးစောင်လက်ယာ၊ လှုပ်ဘိခါသော်၊ ပိယာ သိနေဟ၊ ခင်ပွန်းရလိမ့်။

လှုပ်ကြွမေးသား၊ တရားဆင်ခင်း။

လည်ပင်းလှုပ်မူ၊ ရွှေခြူဘယက်၊ လက်ခတ်တန်းဆာ၊ ရတို့ရာ၏။
လက်ယာပခုံး၊ လှုပ်သည့်ထုံးကား၊ မယားကောင်းရ။

လက်ဝဲမှသော်၊ ရန်စခိုက်ဆစ်၊ ဖြစ်အံ့မမှား။

လက်ကြားဘီးစုပ်၊ အသားလှုပ်သော်၊ ဥက္ကဋ္ဌသီး၊ စုပ်ကြီးရမြဲ။

လက်ဝဲဟိစုပ်၊ လှုပ်သော်ပျက်စီး၊ ဥပဒ်ကြီး၏။

တသီးလက်ယာ၊ ရုံးလှုပ်လာမူ၊ မဟာမိတ္တ၊ ရမည်အကြောင်း၊ စားကောင်းလည်းစား။

ဝဲလှုပ်ငြားသော်၊ ထူးခြားဥစ္စာ၊ သူပေးလာအံ့။
လက်ယာရင်ဘတ်၊ ဆတ်ဆတ်ခုံကြွ၊ ချမ်းသာလှ၏။

ဘယ်ကလှုပ်မူ၊ နှလုံးပူအံ့။

စူစူချက်မ၊ ခုန်ကြွသောခါ၊ ဗိုလ်ပါလူပေါင်း၊ ကောင်းချီး ချီးပ။
နှံတောင်းမှသော်၊ ရအံ့ဥစ္စာ။

လက်ယာတင်သား၊ လှုပ်ဘိငြားမူ၊ တပါးသူစု၊ ဥပဒ်ပြုလိမ့်။
ဘယ်စုလှုပ်ခါ၊ ပ-ရန်ရှာ၏။

ခါးသားလှုပ်က၊ ဥစ္စာကျလိမ့်။

ညာကပေါင်သား၊ မယားရစစ်။

ဘယ်ကဖြစ်မူ၊ ချစ်သူမျက်လို။

ကိုယ်ဒူးပုဆစ်၊ လှုပ်လစ်သော်ကား၊ ခိုက်ရန်ပွားလိမ့်။

သလုံးသားညာ၊ သားရရာ၏။

ဝဲမှာသော်ကား၊ မယားမာန်တက်။

ကျောက်ကုန်းထက်မှ၊ လှုပ်ချက်ထူးလာ၊ တန်းဆာဝတ်စား၊ ရငြားမယွက်။

လက်နှစ်ဘက်တွင်၊ တဘက်ဘက်မှ၊ ဆတ်ဆတ်ကြွသော်၊ ကိစ္စရေးရာ၊ ဆောင်ရစွာ၏။

အင်္ဂါဣနြေ္ဒ၊ လှုပ်ဘိချေသော်၊ ချစ်ဆွေမယား၊ သူတပါးနှင့်၊ တိမ်းပါးတုံမြောက်၊ မက်လောက်ဥစ္စာ၊ ပျောက်တတ်စွာဟု၊ ဆရာဘုန်းဟေ့၊ ဟောရိုးတွေ့ရှင့်။

သိပ်ငွေ့ဝမ်းပြင်း၊ လှုပ်လတ်ခြင်းကား၊ အစားကောင်းရ။

ပါဒအစုံ၊ လှုပ်လတ်တုံသော်၊ ပြင်းတုံရှည်လျား၊ ခရီးသွားဟု၊ အများသူငါ၊ မှတ်သိရာသည်၊ စဉ်လာတိတ္တုံ စကားတည်း။

မင်္ဂလာသတင်းစဉ်

 
 
 
 ရွှင်လန်းချမ်းမြေ့ကြပါစေ။ အားလုံးကို လေးစားလျက်။
ချောလေး
ဆက်ဖတ်ရန်

Wednesday, September 25, 2013

ပြောဖို့ခက်ပါတယ်

တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဒါ အနောက်တိုင်း ပုံပြင်တွေရဲ့ပြောရိုးပြောစဉ် နိဒါန်းပါ။  
ကျနော်တို့ မြန်မာပုံပြင်မှာကျ ဒီလို မဟုတ်ပြန်ဘူး။ ဟိုးရှေးရှေးတုန်းက 
ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီးအုပ်စိုးသတဲ့။ ကဲကဲ ... ပုံပြင် ဆက်ကြဦးစို့။

ဘုရင်ကြီးရဲ့ ဘေးနားမှာ သက်တော်စောင့်တွေ အများကြီးရှိတဲ့ အထဲမှာမှ 
တစ်ယောက်ကို သူ့ရဲ့အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့အနားမှာ 
ထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ 
ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့ ရှင်ဘုရင်က 
သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား ခေါ်သွားသတဲ့။
တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကိုကိုက်လိုက်သတဲ့။ 
 နောက်နေ့တွေတော့ လက်ညိုးဟာ ရောင်ကိုင်းပြီး အနာလည်းအတော်လေး ရင်းလာတယ်။ 
ဘုရင်ကြီးက သူ့အပါးတော်မြဲကိုမေးတယ်။ " မောင်မင်း၊ ငါကိုယ်တော်မြတ် မွေးတဲ့ခွေးက 
ငါ့ကို ပြန်ကိုက်တယ်ဆိုတော့ ဒါ မကောင်းတဲ့ အတိတ်နိမိတ်ပဲ မဟုတ်လား" တဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ အပါးတော်မြဲက ပြန်ဖြေတယ်။

 နောက်တော့ လက်ညိုးရဲ့ အနာကအခြေအနေ အတော်လေးဆိုးလာတော့ ဘုရင်ကြီးဟာသူ့ရဲ့ လက်ညိုးကို ဖြတ်ပစ်လိုက်ရတယ်။ "ဟယ် ငါ့ကိုယ်တော်ရဲ့ လက်ညိုးတော် ဖြတ်ပစ်လိုက်ရပြီ။ ဒါ မကောင်းတဲ့ လက္ခဏာပဲ၊ မောင်မင်း။ ဘယ်လို အဆိုးတွေများ ကြုံလာဦးမလဲ မသိဘူး။ လျှောက်စမ်းပါဦး" လို့ ဘုရင်ကြီးက သူ့ အပါးတော်မြဲကို အကြံဉာဏ်တောင်းသတဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ပဲ အပါးတော်မြဲက 
ထပ်ဖြေလိုက်တယ်။ လက်ညိုးတော် ပြတ်လို့ စိတ်တိုနေရတဲ့ကြားထဲ ဒီကောင်က အခုထိ 
စကားအကောင်းမပြောဘူးဆိုပြီး ဘုရင်ကြီးက အတော်လေးတင်းသွားတယ်။ ဒါနဲ့ အဲ့ဒီ့အပါးတော်မြဲကို ထောင်ချပစ်လိုက်တယ်။
 တစ်နေ့တော့ ဘုရင်ကြီးဟာ တောထဲကို အမဲလိုက်ထွက်သတဲ့။ စာစကားနဲ့ဆို   တောကစားထွက်တာပေါ့ဗျာ။ သမင်ကို သဲကြီးမဲကြီး လိုက်ဖို့ပဲ အားသန်နေတော့ တစ်ယောက်တည်း လိုက်ရင်းလိုက်ရင်းနဲ့ပဲ   တောဖွက်ခံလိုက်ရတယ်။ တောထဲမှာလမ်းပျောက်သွားတယ်။ ဆက်သွားလေ      တောနက်လေ ဖြစ်နေတယ်။ ကံများ ဆိုးချင်တော့တောထဲမှာ နေကြတဲ့ လူရိုင်းတွေဟာ သူ့ကို တွေ့ပြီး ဖမ်းသွားတယ်။ သူတို့ကတော့ ဘုရင်မှန်း ဘယ်သိမှာလဲ။ လူရိုင်းဆိုတော့လည်း ဘုရင်ဆိုတာ ဘာကောင်မှန်းတောင် သိမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဓလေ့က လူတစ်ယောက်ယောက်ဖမ်းပြီး နတ်ဘုရားကို ယဇ်ပူဇော်ရတယ်။ ယဇ်ပူဇော်ဖို့ သတ်မယ်လို့ ကြံရွယ်နေတုန်းမှာပဲ သူတို့ရဲ့ အကြီးအကဲ သတိထားမိသွားတာက ဘုရင်ကြီးမှာလက်ညိုးတစ်ချောင်းမပါဘူး ဆိုတာပဲ။ အင်္ဂါမစုံတဲ့ လူတစ်ယောက်ကိုယဇ်ပူဇော်ရင် နတ်ဘုရားက စိတ်တိုလိမ့်မယ်ဆိုပြီး ဘုရင်ကြီးကို ပြန်လွှတ်ပေးလိုက်တယ်။ ဘုရင်ကြီး နန်းတော်ကို ပြန်ရောက်တော့ သူ့အပါးတော်မြဲ ပြောတဲ့ "ကောင်းသလား၊ ဆိုသလား ပြောဖို့ခက်ပါတယ်" ဆိုတဲ့စကားကို သွားသတိရတယ်။ အကယ်၍သာ သူ လက်ညိုး မပြတ်ခဲ့ဘူးဆိုရင် တောထဲမှာယဇ်ပူဇော်ခံရလို့ သေပြီလေ။ ဒါနဲ့ ပညာရှိလေး 
အပါးတော်မြဲကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်တယ်။ နောက်ပြီး  ဘုရင်ကြီးက စိတ်လိုက်မာန်ပါ 
လုပ်မိတဲ့အတွက် သူ့ကိုတောင်းပန်စကား ပြောတော့တယ်။ စိတ်မကောင်းတဲ့ မျက်နှာနဲ့  တောင်းပန်စကားပြောနေတဲ့ ဘုရင်ကြီးကို စိတ်တစ်ချက်မကွက်ဘဲ "အရှင်မင်းကြီး အခုလို 
ဖမ်းထားတာ ကျွန်တော်မျိုးအတွက် အကျိုးယုတ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး ဘုရား" 
လို့ လျှောက်တင်လိုက်တယ်။ ဒီစကားကို ကြားရတော့ ဘုရင်ကြီး အတော်လေး အံ့အားသင့်သွားတယ်။ 
ဘာကြောင့်ပါလိမ့်လို့လဲ အတော်လေး စဉ်းစားရခက်သွားတယ်။ အပါးတော်မြဲက သူအဖမ်းခံထားရတာ 
အဆိုးချည်း မဟုတ်ပါဘူးလို့ ဘာလို့ ပြောတာလဲ။
 ဒီလိုလေ။ အကယ်၍သာ ဘုရင်ကြီးက အပါးတော်မြဲကို  ချုပ်နှောင်မထားဘူးဆိုရင် အခုလို   တောကစားထွက်တော့ သူလည်း ဘုရင်ကြီးနဲ့အတူ ထပ်ကြပ်မကွာလိုက်ပါရမှာပေါ့။ ဘုရင်ကြီးကို ယဇ်ပူဇော်ဖို့ မသင့်လျော်ဘူးလို့ လူရိုင်းတွေက ဆုံးဖြတ်လိုက်တာနဲ့ နောက်တစ်ယောက်ခေါ်ပြီး သတ်မှာပဲ။ ဒါဆို အပါးတော်မြဲ အလှည့်လေ။ သူသာ ဘုရင်ကြီးနဲ့ လိုက်သွားခဲ့ရင် အသက်ခံရမှာတော့ မုချမသွေပါပဲ။
ပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။
------------------------------
ပုံပြင်လေးရဲ့ အနှစ်သာရ
ဒီလောကမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို ဒါအကောင်းပဲ၊ ဒါအဆိုးပဲလို့တရားသေ သက်မှတ်လို့ မရကောင်းပါဘူး။ 
တခါတလေမှာ အကောင်းတွေဆိုပြီး ဆုတ်ကိုင်ထားတဲ့ အရာတွေဟာ ကံကြမ္မာ အလှည့်အပြောင်းကြောင့် အဆိုးတွေဖြစ်သွားတတ်ပါတယ်။ 
 ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့် အတင်းအကျပ်ကြီး ဖက်တွယ် မထားပါနဲ့။ 
အသက်ရှင်နေတုန်းမှာ ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။
အဆိုးတွေကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ် ချမှတ်ခံနေရတယ်လို့ 
ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်းလေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ 
တကယ်တမ်းတော့ အဲ့ဒီလောက်ကြီးမဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။
 အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။ 
လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ်လိုအပ်ပါတယ်။ 

ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။ ၀မ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ 

ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။ 

မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့ ဘ၀လက်တွဲဖော် တွေ ပါပါတယ်။ 

မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။ အမှားလည်း ရှိနိုင်ပါတယ်။ 

ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့ ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။

 

***** သူငယ်ချင်းတစ်ယောက်ပို့ပေးတာကို ကြိုက်လို့ အားလုံးမျှဝေခံစားစေချင်လို့ပါ *****

 

 ရွှင်လန်းချမ်းမြေ့ကြပါစေ။ အားလုံးကို လေးစားလျက်။

ချောလေး

ဆက်ဖတ်ရန်

ငရဲကျကြောင်း တရား( ၁၀ ) ပါး

ငရဲကျကြောင်း တရား(၁၀) ပါး


(၁) သနားညှာတာခြင်း ကင်းလျက် သွေးစွန်းသောလက်ဖြင့် သူ့အသက်ကိုသတ်လေ့ရှိခြင်း။

(၂) ရွာ၌ဖြစ်စေ တော၌ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း။

(၃) မာတုရက္ခိတ (အမိ စောင့်ရှောက်ထားသူ) စသော မိန်းမ ဆယ်မျိုးတို့၌ ကာမဖြင့် မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။

(၄) ပရိသတ်အလယ်၌ တံစိုးလက်ဆောင် စသော လာဘ်အမိသကြောင့်မဟုတ်မမှန် ပြောလေ့ရှိခြင်း။

(၅) ညီညွှတ်သူများ အချင်းချင်း ကွဲပြားအောင် ကုန်းချောစကား ပြောကြားတတ်ခြင်း။

(၆) သူတစ်ပါးတို့၏ နားစပ်ခါးစေတတ်လျက် အမျက်ထွက်ဖွယ်စကား ကြမ်းတမ်းသော စကားကို ပြောကြားတတ်ခြင်း။

(၇) အကျိုးမဲ့ အခါမဲ့ တရားမဲ့ဖြစ်သော ပြိန်းဖျင်းသော စကားကိုပြောဆိုတတ်ခြင်း။

(၈) သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ အဆောက်အဦတို့သည် ငါ့ဥစ္စာဖြစ်မူကောင်းလေစွ စသည်ဖြင့် သူတစ်ပါး ဥစ္စာပစ္စည်းကို

ရှေးရှုကြံစည်မှုအဘိဇ္ဈာစိတ် အကြံရှိခြင်း။

(၉) ဤသတ္တဝါတို့အား ဖမ်းဆီးသတ်ဖြတ် ကြပါစေ စသဖြင့် ဖျက်ဆီးလိုသောစိတ်အကြံရှိခြင်း။

(၁၀) လှူဒါန်းပူဇော်ခြင်းသည် အကျိုးမရှိ အစရှိသဖြင့် မှားသောအမြင်ရှိခြင်း။
===========================================


Credit ဗုဒ္ဒစာပေ 
အဆိုအမိန်-့များနှင့်-ဗဟုသုတဆိုင်ရာစာပေများ


ရွှင်လန်းချမ်းမြေ့ကြပါစေ။ အားလုံးကို လေးစားလျက်။
ချောလေး
ဆက်ဖတ်ရန်

Tuesday, September 24, 2013

တူပေမယ့် မတူတဲ့ ဒါန

တူပေမယ့် မတူတဲ့ ဒါန


မိသားစု နှစ်စုရှိတယ် ဆိုကြပါစို့။ မိသားစုတစ်စုက သိန်းပေါင်း ထောင်ချီပြီးလှူတယ်။

နောက်မိသားစု တစ်စုကလည်း သိန်းပေါင်းထောင်ချီပြီးလှူတယ်။ ကွာဟချက်မရှိပါဘူး။

နောက်ပြီး ပထမမိသားစုရဲ့ အလှူမှာလည်း ဆရာတော်တွေက
"နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်ပါစေ" ဆိုပြီး ရေစက်ချပေးကြတယ်။

ဒုတိယ မိသားစုရဲ့ အလှူမှာလည်း "နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်ပါစေ" ဆိုပြီး ရေစက်ချပေးကြတယ်။

ရေစက်ချပုံလည်း တူတယ်လို့ ဆိုပါတော့။
ဒီနေရာမှာ ဘာကွာခြားချက် ရှိလဲဆိုတော့ လှူတဲ့အခါမှာ စိတ်နေစိတ်ထား ရည်ရွယ်ချက် ကွာသွားတာပါပဲ။

သံသရာရှည်စေတဲ့ဒါန

မိသားစုတစ်စုက ဒါနပြုတယ်။ "ဘယ်ဆရာတော်ကို လှူရင်တော့ စီးပွားတက်မယ်။
ဒီ ဆရာတော်က ငါတို့ အပေါ်မှာ ကျေးဇူးများတယ်။ မလှူလို့ မကောင်းဘူး။
ဒါဆိုရင်တော့ အကျိုးကြီးပြီး နောက်ဘဝ ချမ်းသာနိုင်တယ်။
ဒါမှ နောက်ဘဝ ဆင်းရဲခြင်းကင်းမှာ" စသဖြင့် ဒီလို စိတ်ထားမျိုးနဲ့ လှူတယ်။
နိုင်ငံတော်ကပေးတဲ့ ဘွဲ့တွေ လိုချင်လို့၊ နောက်ဘဝချမ်းသာချင်လို့၊ ဆင်းရဲမှာ ကြောက်လို့ လှူတယ်။

ဒါမျိုးရည်ရွယ်ချက် တွေနဲ့ လှူတယ်ဆိုရင် လောဘ၊ ဒေါသ အပြစ်တွေရှေ့နောက် ဝန်းရံနေတယ်။

ဒီဒါနကုသိုလ်ဟာ သူရည်ရွယ်တဲ့ အတိုင်း လူချမ်းသာ၊ နတ်ချမ်းသာ အကျိုးတွေ ပေးနိုင်ပါတယ်။

ဒါပေမယ့် သံသရာတော့ ရှည်စေနိုင်တယ်။

သံသရာရှည်စေတော့ နိဗ္ဗာန်ရောက်ကြောင်း မဟုတ်တော့ ဓမ္မကိုအလေးဂရုပြုရာ မရောက်ဘဲ ဗုဒ္ဓလမ်းစဉ်ကနေ သွေဖယ်သွားပါတယ်။

နိဗ္ဗာန်ရောက်စေနိုင်တဲ့ ဒါန

နောက်မိသားစု တစ်စုကတော့ ဒီလိုမဟုတ်ဘူး။ ဥပမာ ပြောရရင် သံဃာတော် ရှင်မြတ်တွေကို သင်္ကန်းလှူတယ်။

ဘယ်လို စိတ်ထားမျိုးနဲ့ လှူလဲဆိုတော့ "ငါတို့ လှူတဲ့ သင်္ကန်းကို ဝတ်ရုံပြီး အရှက်အကြောက် ဖုံးလွှမ်းနိုင်ပါစေ။

ငါတို့ လှူတဲ့ သင်္ကန်းကို ဝတ်ရုံပြီး အချမ်း အပူ စတဲ့ ရာသီဥတု ဒဏ်တွေ ခံနိုင်ပါစေ။ စာသင်စာချ လုပ်နိုင်ပါစေ။

ကိလေသာတွေ ကင်းစင်ပြီး အသိညာဏ်တွေ တိုးပွားကြပါစေ။
သာသနာတော်ကြီး အဓွန့်ရှည်ပါစေ" ဒီလိုမျိုး စိတ်ထားနဲ့ လှူတယ်။

ဒီလိုမျိုးပုဂ္ဂိုလ်ရဲ့ နှလုံးသားမှာ မေတ္တာတရားတွေ ဖြစ်ပွားသွားပါတယ်။

မေတ္တာတရားဆိုတာ မြင့်မြတ်တဲ့ ကုသိုလ် သဘောပါ။

မေတ္တာစိတ်ထားနဲ လှူတော့ ဒီပုဂ္ဂိုလ်ရဲ့ ကုသိုလ်ဟာ ငါစွဲတွေ ကင်းစင်ပြီး စင်ကြယ်နေပါတယ်။

ဒါနပြုရင်းနဲ့ လောဘ၊ ဒေါသတွေ နည်းပါးသွားပါတယ်။

ဒါဆိုရင် သူ့ရဲ့ကုသိုလ်ဟာ စင်ကြယ် သန့် ရှင်းတဲ့ အတွက် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်သွားပါပြီ။

နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်သွားပြီဆိုရင် ဓမ္မကို အလေးဂရုပြုရာ ရောက်ပါတယ်။

ဓမ္မကို အလေးဂရုပြုရာရောက်ရင် ဗုဒ္ဓလမ်းစဉ် အတိုင်း လျှောက်လှမ်းရာရောက်ပါတယ်။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာ၊စိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

Re-Post By ACM 21-3-2013

အေးချမ်းမွန် Credit & Copy From > ၀ီရဓမ္မ 


ရွှင်လန်းချမ်းမြေ့ကြပါစေ။ အားလုံးကိုလေးစားလျက်။
ချောလေး
ဆက်ဖတ်ရန်

ဘုရားရှင်၏ ဂုဏ်တော်(၉)ပါး

ဘုရားရှင်၏ ဂုဏ်တော်(၉)ပါး
==================
Photo: ဘုရားရှင်၏ ဂုဏ်တော်(၉)ပါး ================== (၁) အရဟံ-ကိလေသာကင်း၍ ပူဇော်အထူးကို ခံထိုက်သော မြတ်စွာဘုရား။ (၂) သမ္မာသမ္ဗုဒ္ဓေါ- သစ္စာလေးပါးတရားကို ဆရာမရှိ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။ (၃) ၀ိဇ္ဇာစရဏသမ္ပန္နော- အသိနှင့်အကျင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ (၄) သုဂတော- ကောင်းသောစကားကိုသာ ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။ (၅) လောက၀ိဒူ- လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။ (၆) အနုတ္တရောပုရိသဒမ္မသာရထိ- ဆုံးမထိုက်သူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။ (၇) သတ္ထာဒေ၀မနုဿာနံ- လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာတဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။ (၈) ဗုဒ္ဓေါ- သစ္စာလေးပါးကို မိမိကိုယ်တော်တိုင်လည်းသိ၊ သူတပါးတို့ကိုလည်း သိအောင် ဟောပြတော်မူသော မြတ်စွာဘုရား။ (၉) ဘဂ၀ါ- ဘုန်းတော်ခြောက်ပါး ဂုဏ်တော်တွေအနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား- ဟူ၍ ဘုရားရှင်၏ ဂုဏ်တော်တို့ကို ဦးခိုက်ပူဇော်ရန်
(၁) အရဟံ-ကိလေသာကင်း၍
ပူဇော်အထူးကို ခံထိုက်သော မြတ်စွာဘုရား။

(၂) သမ္မာသမ္ဗုဒ္ဓေါ-
သစ္စာလေးပါးတရားကို ဆရာမရှိ
ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။

(၃) ၀ိဇ္ဇာစရဏသမ္ပန္နော-
အသိနှင့်အကျင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(၄) သုဂတော-
ကောင်းသောစကားကိုသာ
ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။

(၅) လောက၀ိဒူ-
လောကသုံးပါးကို အကုန်အစင်
သိမြင်တော်မူသော မြတ်စွာဘုရား။

(၆) အနုတ္တရောပုရိသဒမ္မသာရထိ-
ဆုံးမထိုက်သူတို့ကို ယဉ်ကျေးအောင်
ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။

(၇) သတ္ထာဒေ၀မနုဿာနံ-
လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏
ဆရာတဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။

(၈) ဗုဒ္ဓေါ-
သစ္စာလေးပါးကို မိမိကိုယ်တော်တိုင်လည်းသိ၊
သူတပါးတို့ကိုလည်း သိအောင်ဟောပြတော်မူသော မြတ်စွာဘုရား။

(၉) ဘဂ၀ါ-
ဘုန်းတော်ခြောက်ပါး ဂုဏ်တော်တွေအနန္တနှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရား- ဟူ၍ ဘုရားရှင်၏ ဂုဏ်တော်တို့ကို ဦးခိုက်ပူဇော်ရန်
ကျွန်မလဲ အမြဲရွတ်ဖတ်မိတဲ့ ဂုဏ်တော်(၉)ပါးပါ ...
 မသိနားမလည်သေးတဲ့ သူငယ်ချင်းတို့ ကို ပြန်လည်မျှဝေပါတယ်...
ကျန်းမာစွာနဲ့  ပျော်ရွှင်အေးချမ်းကြပါစေ ...
( သူငယ်ချင်းတင်တာလေးကို မျှဝေလိုက်တာပါ )



ရွှင်လန်းချမ်းမြေ့ကြပါစေ။ အားလုံးကို လေးစားလျက်။
                                                       ချောလေး
ဆက်ဖတ်ရန်

Monday, September 23, 2013

....ချစ်သူရေးတဲ့ကဗျာ....


တကယ်ဆိုခဲ့လျင်
   အဝေးမှာနင်နဲ့ငါ
   ရှိနေခဲ့တာပါ
   မိုင်ထောင်ချီမဝေးတာ
   ငါသိခဲ့တယ်လေ
   အိပ်မရတဲ့နင့်စိတ်တွေ
   ငါ့ပုခုံးမှာမှေးမှီရင်းလေ
   ငါလေနင်နဲ့စကားတွေပြော
   ဘယ်လိုမောနိုင်မှာလည်း
   တစ်ရေးနိုးတယ်လို့တစ်ခါမရှိ
   နင်ရှိနေတာသိနေလို့ပါ...။
  
   နင့်စကားတွေ
   မုန်းနေပါစေ
   ခါးနေပါစေ
   ငါချိုမြိန်ပါရစေ
   တကယ်လို့သာ
   နင်ငါ့ကိုချစ်ခဲ့လျင်
   အလျင်နဲ့ရွေ့နေတဲ့ကမ္ဘာ
   ရပ်ဆိုင်းသွားပါစေ
   ငါလေဘယ်တော့မှမမေ့
   စိတ်ထဲမှာ
   ကမ္ဘာတည်မည့်မေတ္တာ...။

  
နာ့ချစ်သူအတွက်လဲ နာက အမြဲတမ်းကမ္ဘာတည်နေမယ့်မေတ္တာနဲ့ချစ်တယ်....
 ကမ္ဘာပျက်ပေမယ့် မပျက်သောသစ္စာမေတ္တာတွေနဲ့
 ချစ်ရသူအပေါ် ထာဝရ ချစ်သွားချင်တာဟ...
 ပြောတဲ့စကားလုံး ကြီးသွားလားတိဝူး ဒါပေမယ့် နာ့အချစ်က ဒီထက်တောင် ကြီးတေးတယ်..။

အဲတာကျနော်ချစ်သူကျနော်အတွက်ရေးတဲ့ကဗျာလေးဗျ....
ချောင်ရောက်တော့မှာမို့ဆွဲထုတ်လာတာ..အဟိဟိ..
ဆက်ဖတ်ရန်

......အသင်္ချေ.......


....အသင်္ချေ.....

 အသင်္ချေသိုခြေတလှမ်း..
မြေစမ်းခရမ်းပျိုတာကစခဲ့တာပဲ
အတိုက်အခိုက်တွေကြားက..လမ်း...
အသားငမ်းငမ်းတက်လိုချင်တာက...
ငါတို့အောင်မြင်မှု....
ရက်....လ....နှစ်.....
ရေတွက်ဖို့....
အချိန်ကတာဝန်ယူထားတယ်.....
ငါတို့တာဝန်က....
အဆုံးမရှိပန်းတိုင်....
လှမ်းကိုင်နိုင်ဖို့ပဲလိုတယ်....
ပုံပြင်ပြောရင်....ပြဇတ်ဆန်မယ်...
ရာဇ၀င်ပြောရင်.....နန်းဆန်မယ်...
ဆက်လျှောက်လို့ပြောရင်....
ရပ်နေတယ်ထင်အုံးမယ်.....
ကြွေးကြော်အုံးမယ်....ကမ္ဘာသားများ..
ငါတိုကလျှောက်ပြီးသား.......
အနာဂတ်ကလက်ထဲမှာ.....
တစ်လပြည့်တာ...နောက်တရက်တက်ဖို့...
နောက်တရက်တက်တာ...
နောက်တစ်နှစ်ပြည့်ဖို့....
အလံများစွာရွေ့......
ဘယ်အရာမှငါ့တို့လက်ကပြေးမရစေဘူး....
ထိုကတိသစ္စာ...ဒီနေရာ....
ကမ္ဘာမွေးနေ့.......ဖန်ဖန်တိုင်တည်စေ......။။။။။

နေကောင်းကင်နီ
ဆက်ဖတ်ရန်

နန်းတော်ရှေ့ဆရာတင်အကြောင်း....


ဆရာတင် သည် ၁၈၉၄ ခုနှစ်မှာမွေးဖွားပြီး ---၁၉၄၉ ခုနှစ်တွင် ကွယ်လွန်ပါသည်။ အသက် ၂၂ နှစ်သားကစပြီး သီချင်းများ ရေးခဲ့ သောကြောင့် ဆရာတင်၏ သီချင်းရေးသက်တမ်းမှာ အနှစ် ၃၀ကျော် ရှိပါသည်။
ဆရာတင် ၏ ဇနီး မင်းသမီးပေါ်လင်တင် နှင့် သားရွှေနန်းတင် တို့ ခန့် မှန်းခြေအရ ဆရာတင်ရေးစပ်သော သီးချင်း အပုဒ်ပေါင်း ၃၀၀၀ ခန့် ရှိလိမ့် မည်ဟု ဆိုပါသည်။ အလိုက် တမျိုး တည်းနှင့် သီချင်း သုံး -လေးပုဒ် ရေးတတ်သည်-။ မြန်မာ တေးရေးဆရာထဲတွင် သီချင်း အရေး နိင်ဆုံး တေးရေးဆရာဟု ခန့် မှန်းရသည်။
ဆရာတင် ရေးစပ်ပေးရသော သူများမှာ ရုပ်သေးဇာတ် နှင့် အငြိမ့် မင်းသား၊ မင်းသမီး များ သီဆိုရန် ၊ ဓါတ်ပြားသွင်းရန်၊ တီးဝိုင်း အဖွဲ့ သားများက သီဆို တိးမှုတ်ရန် နှင့် ကုန်ပစ္စည်း ကြော်ငြာ တေးသီချင်းများ ကို စပ်ဆို ရေးသား ပေးရခြင်း ဖြစ်သည်။ကြေးအရ ဆုံး တေးသီချင်းမှာ ဓါတ်ပြားသွင်းရန်သီချင်း နှင့် ပစ္စည်းကြော်ငြာ တေးသီချင်းများဖြစ်သည်။
မင်းသား၊ မင်းသမီး များအတွက် သီချင်းများမှာ အချို့ လည်း ထိုက်တန်သလိုရသည်။ တချို့ လည်း မပေးနိုင်သူများဖြစ်သဖြင့် မရ---စေတနာ နှင့် အလကား စပ်ပေးရသည်လည်းရှိသည်။

ဆရာတင် သည် ဟိတ်ကြီး ၊ ဟန်ကြီး နှင့် နေတတ်သူမဟုတ်၊ သူကို ပွဲတောင်းလျှင် ဘာမဆိုလုပ်ပေးနိုင်သူဖြစ်သဖြင့် ပရိတ်သတ် က ပွဲတောင်းလာလျှင် တပြုံးပြုံး နှင့် တတ်ဆို လာသူဖြစ်သည်။
ကိုယ်တိုင်ရေးစပ် ပြီး ကိုယ်တိုင်သီဆို ကာ အသံသွင်းသည့် ဓါတ်ပြား အများအပြာရှိသည်။
ဆရာတင်မှာ တင်္ခဏုပ္ပတ္တိဥာဏ် အလွန်ကောင်းသည်။ သီချင်းရေးအလွန်မြန်သည်။ သီချင်းတစ်ပုဒ် ကို တစ်ခါတစ်ရံ တွင် ရေးခိုင်းသူ ရှေ့ တွင် တစ်ထိုင်တည်း ရေးစပ်ပေးနိုငသူ ဖြစ်သည်။
လေဘာတီမမြရင် အိမ်သို့ အလည်လာရင်း သီချင်းတစ်ပုဒ် တက်ပေးသွားချင်လျှင်လည်း တက်ပေးသွားတတ်သည်။ သီချင်း ပေးပါဟု ဆိုသော်လည်း သီချင်းလည်းမလာ -လူလည်းရှာမတွေ့ သည်အခါတွေလည်း ရှိတတ်သည်။
ဆရာတင် ရေးသော သီချင်းများတွင် ဘယ်သီချင်း များအကောင်းဆုံး ဖြစ်ပါသနည်း ဟုမေးလျှင် လေဘာတီမမြရင် သီခင်ျးများ အကောင်းဆုံး ဖြစ်သည်ဟု ဖြေရမည် ထင်ပါသည်။ လေဘာတီမမြရင်အတွက် သီချင်းရေးရာတွင် စေတနာ ပိုသည်ဟု အချို့ က စွပ်စွဲခံရသည်။ စွပ်စွဲသည်အခါ ဆရာတင် က တဟဲဟဲ နှင့် ရယ်သည်။ သူ့ တွင်လေဘာတီမမြရင် နှင့် မေ့ မရစကောင်းသော တစ်ပုဒ်သောဇာတ်လမ်းလေးရှိသည်ဟုလည်း ဆရာတင် က ဆိုလေသည်။
ဆရာတင့် ဇာတ်လမ်းမှာ လေဘာတီမမြရင်လေး ရွှေဖလားကန်ရွာ တင် တောမင်းသမီး ဘ၀တွင် ရှိသေးသည်။ တနေ့ သောအခါ သူနှင့် ထိုရွာတွင် တွေ့ ကြသည်။ တွေ့ ကြရာ လူငယ်ဘာသာ ဘာဝ ချစ်ကြိုက်ကြသည်။ တစ်ညနေ နေ၀င်ရီတရော တွင် ဆရာတင်က မမြရင် ကို ပခုံးပေါ်တင် ခိုးပြေးသည်။ သမီး ကို မျက်ခြေပြတ်မခံသော မိခင် ဒေါ်ညဏ်ရုံ က တခဏလေး မမြင်ကာမျှဖြင့် ( မြရင်) ရေ ဟု အော်ခေါ်သည်။ အမေ့ ခေါ်သံ ကို မထူးဘဲ မနေ၀ံ သော မမြရင် က ဆရာတင့် ပခုံးပေးကနေရင်း (ရှင်--အမေ ) ဟုယောင်ထူးမိသည်။ ဆရာတင်မှာ မြရင် ကို ဖုတ်ခနဲ ချ ပြီး ထွက်ပြေးခဲ့ ရလေသည်။ မက်တော့ မလိုလို နှင့် လင်းခဲ့ သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။
ဆရာတင် ၏ ဗလ ၊ ဆရာတင်၏ အစွမ်းအစ ကို သိသူများက လေဘာတီမမြရင် ကို ပုခုံးပေးထမ်းပြေးနိုင်သည်ဆို ခြင်း ကို ကြီးစွာ သံသယ ဖြစ်ကြပါသည်။ သို့ သော် ဆရာတင်မှာ ဇနီး ၄ယောက် ၊ရှိသည်။ လေးယောက်စလုံး ကို နေအိမ်တစ်လုံးတည်းမှာ သင့် မြတ်စွာထားလေသည်--ဇနီး နှစ်ယောက်မှာ မင်းသမီး စစ်စစ် ဖြစ်လေသည်။ဆရာတင်တွင် ဇနီး ဒေါ်သင်၊ ဒေါ်တင်( မင်းသမီးပေါ်လင်တင်)၊ ဒေါ်သိန်းမြ၊တံခွန်တိုင်မြသောင်းခင် ဟူပြီး ဇနီး ၄ယောက် ရှိပါသည်။တစ်အိပ်တည်း အတူနေပြီး ပေါ်လင်တင်က ငွေကိုင်၊ ဒေါ်သင်က စာရေးသောက်ရေး၊ တာဝန်ယူရသည်။
ဆရာတင် က မင်းသမီး ငါးယောက် သို့ တူ သီချင်း ချ ပေး စေဦးတော့ ထိုသီချင်း ကို မမြရင် သီဆိုသည့် အခါ ပို ကောင်း သည်မှာ အမှန်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် မမြရင်မှာ အဆိုအလွန်ကောင်း ၊ အလွန်အသံကောင်းသောကြောင့် ဖြစ်သည်။
ဆရာတင် မမြရင်အတွက် ရေးပေးသော သီချင်းများသည် မမြရင် ၏ အဖေါ်မခံချင်သော ချစ်သူကို ရည်လေသလော--ဆရာတင်ကို ရည်လေသလော---ရိပ်တိတ်တိတ် ချိတ်တိတ်တိတ် များက များပါသည်။ ဆ၇ာတင်ရေးသည် ၂လက်မခွဲ သီချင်း--ဦးသ၀န်ကြောင်သီချင်း၊ အလှူ့ ရှင်သီချင်း များမှာ သူ့ လိုလို ငါ့ လိုလို ရိသဲ့သဲ့ နှင့် လိုလို ချည်းလုပ်ထားသည့် အကွက်များတွေ့ ပါ ရသည်။
မမြရင် ကို ရွှေဖလားကန် ရွာတွင် တွေ့ စဉ်က မင်းနာမည်ကျော်ချင်ရင် မန္တလေး လာခဲ့ ဟု ခေါ်ခဲ့ ဖူးသည် ဟု ဆရာတင်က ပြောပါသည်။
မမြရင် က ဆရာတင်၏ ဇာတ်လမ်း မှန်သည် မှားသည် အပထား ပြီး လူချင်း အထူးတလည် ခင်မင် ရင်နှီးသောကြောင့် ဆရာတင့် တွင် ငွေကြေးအခက်အခဲ ရှိပါက မမြရင်ထံမှ ပိုက်ဆံတောင်းတတ်သည်။ပြန်ပေးချင်မှ ပေးသည်။ မမြရင်ထံမှ သီချင်း ရေးခကိုလည်း ရမှ ရစေ ဟု သဘောမထား ၊ သို့ သော် သူညှင်း ဆဲ လိုသည့် အခါတိုင်း သူ့ ညဉ်းဖတ် မင်းသမီး နံပါတ် ၁ ဟု ဆရာတင်က သဘောထားပါသည်။

ဆရာတင် ကို မန္တလေးမြို့ နန်းတော်ရှေ့ မင်္ဂလာဥယျာဉ်ရပ်တွင် နေထိုင်သော မြို့ စာရေးမင်း ဦးမှန် နှင့် ဒေါ်မမ တို့ က မွေးဖွားရာ မင်းနံ့ စိုးနံ့ မကင်း သဖြင့် မောင်မောင်တင် ဟု မှည့် ခေါ်ကြသည်။ ဆရာတင်သည် ခေတ်ပညာ အင်္ဂလိပ်စာ သင်ရခြင်းထက် တီးမှုတ်နေရသည်ကို ခုံမင်သည်။
ဆရာတင် သည် အငြိမ့် မင်းသမီး ယုဇန အေးစိန် အတွက် (မယ်အေးလေးက ပို့တဲ့ မေတ္တာ) သီချင်းဖြင့် အနုပညာလောက သို့ စတင်ဝင်ရောက်လာခဲ့ သည်။ယုဇန အေးစိန် ၏ အငြိမ့် ထဲမှာ ပင် ပတ္တယား ဆရာ လုပ်ပြီး အငြိမ့် လောက ထဲ စတင် ၀င်ရောက်ပါသည်။

ဆရာတင်သည် ယုဇနအေးစိန် အငြိမ့် မှထွက်ပြီး ရုပ်သေးမင်းသား ဆရာဦးဥာဏ်ကြီး ၏ စင်တွင် ၀င်ပြီး မင်းသမီး လုပ်ပြန်သည်။
ဆရာဦးဥာဏ်ကြီးမှာ မန္တလေး ရုပ်သေးလောက တွင် ရုပ်သေးမင်းသား ထဲတွင် ပညာ အတော်ဆုံး--သီချင်းများ စာများရေးစပ် နိုင်သူ ဖြစ်သဖြင့်
ဆရာတင် အတွက် ၃ နှစ်မျှ တွဲ လိုက်ရခြင်းသည် သဘင်ပညာ ကို တော်တော်ကြီး ရေလည်အောင် သင်တန်းတက်လိုက်ရသလို ရှိသွားလေသည်။

ဆရာတင်သည် သူရေးသော သီချင်း များတွင်း သူနာမည်ကို ထည့် ရေးလေ့ ရှိသည်။ သီချင်းကို ဘယ်သူစပ်သည်ဟု နာမည်ထည့် မှု့ ကြောင့် ထိုခေတ်က တချို့ က ဆရာတင်ကို ပေါကြောင်ကြောင် နိုင်သည်ဟု ဆိုကြသည်။
ဆ၇ာတင်သည် သူ့ သီချင်းရေးစပ် သည့် အခါ မနက် မလင်းခင် ၂နာရီ ၃နာရီ ငှက်မြည်သံနှင့် အာရုဏ်တက် သည့် ပတ်ဝန်ကျင် ကိုယူပြီး ရေးစပ်လေ့ ရှိသည်။အသံ ကို ပတ္တယားဖြင့် ဖြစ်စေ--စန္ဒယားဖြင့် ဖြစ်စေ ရှာလေ့ ရှိသည်။
သူ့ သီချင်း အသွားရော စာသား ပါရပြီ ဆိုလျှင် သီချင်း လိုချင်သည့် မင်းသမီး -မင်းသား အိမ်သွား ပြီး သီချင်း ကိုချပေးသည်။ သီချင်းယူမည့် သူက အတီးနှင့် တပါတည်းရယူကြရသည်။

စစ်ကိုင်းတံတား သီချင်းတွင် ရွှေဘိုသူ တွေကို နှိမ်ထားသကဲ့ သို့ ရှိသဖြင့် ရွှေဘိုသူများကျေနပ်စေရန် ရွှေဘိုသနပ်ခါး သီချင်း ကို စပ်ဆိုခဲ့ ရဖူးသည်။
ထိုသီချင်းကို မင်းသားကက်နက်စိန် ကို သီဆိုစေရာ မင်းသားက ငြင်းသဖြင့် ဆရာတင်ကိုယ်တိုင် သီဆိုခဲ့သည်။
ရွှေမင်းဂံ ခေါ် ( မင်းဂံဘုတ်) သီချင်း လည်း နောက်ခံသမိုင်းရှိသည်--
တခါက မန္တလေးမြောက်ဘက် ၁၂ မိုင်ကွာဝေးသော ဘုတ်ရွာနှင့် မင်းဂံရွာနှစ်ရွာရှိသည်။ ၂ရွာမှာ မလှမ်းမကမ်း ရှိသဖြင့် ပေါင်းပြီး ဘုတ်မင်းဂံ ဟု ခေါ်ကြသည်။ ဘုတ်မင်းဂံ အလှူ ပွဲ ကို ဆရာတင် သွားရာတွင် ဆရာတင်က ရိမ်း တိုက်ပေး နေရသဖြင့် ၁၅ ရက်လောက်ကြာသွားသည်။ ဆရာတင် သည် ထန်းတောသို့ သွားပြီး နေ့စဉ် ထန်းရည်သောက်တတ်သည်။ ထန်းရည်သောက်နေစဉ် သောက်နေကျတဲရှင် အဖိုးကြီး သမီးငယ် က အလှူသွားမည် ဟု မျက်နှာရှည်များလိမ် ပြီး ရှာတဘက်နီနီ ကိုခြုံ ကာ ထွက်ကာသွားသည်။ ကလေးမ ထွက်သွားပြီးမကြာမှီ မိုး က သဲသဲမဲမဲ ရွာချသည် ။ တဲရှင်သမီးလည်း လမ်းတစ်ဝက်မှ မိုးမိကာပြန်လာခဲ့ ရသည်။
မျက်နှာရှည်များပျက် ပြီး တကိုယ်လုံး ရွဲရွဲ စို နေသော သူငယ်မ ကို ဆရာတင်တွေ့တော့ ကိုယ်ကာယ အလှကို သတိထားမိတော့ သည်။ ငါ့ တူမက လှသားပဲ ဟုဆိုကာ တို့ တောသူများ အလှက ရေစိုမှ ပေါ်တာကိုး ဟု ဆိုလျှက် ထန်းရည် လေး ရီဝေေ၀ နှင့် ( မင်းဂံဘုတ်)သို့ (ရွှေမင်းဂံ )သီချင်း ကို ဖွဲ့ ခဲ့ ပါသည်။

ဆရာတင်သည် မန္တလေးမှာအနေများသည်--ရန်ကုန်တွင် ၇ နှစ်သာနေဖူးသည်။
မြန်မာအဆွေ အေ၀မ်း တွင် သီချင်းများ စပ်ပေးသည်။ ကိုလံဘီယာ တွင်ဓါတ်ပြားသွင်းသည်။ ကိုလံဘီယာ ဓါတ်ပြားကုမ္မဏီ ဆိုသည်မှာ ဒုတိယကမ္ဘာစစ်မဖြစ်မီ က ဗမာ နိုင်ငံတွင် တစ်ခုတည်းရှိသော နိုင်ငံခြားသားပိုင် ဓါတ်ပြားကုမ္မဏီ ဖြစ်သည်။
ဆရာတင် ဓါတ်ပြားသွင်းရာ တွင် ဆရာဓါတ်ပြားများတော်တော်ရောင်းရသည်။ စစ်မဖြစ်မီ ကလူကြိုက်များလှသည်။
(ပုလိပ် နှင့် သပိတ်) သီချင်း ကို ဆရာတင် ရေးဆိုသဖြင့် ကိုလံဘီယာ က ဆရာတင်ကို အပစ်တင်သည်။ ဆရာတင်က ဗမာ တစ်ယောက်အနေနှင် ဒီလောက်တော့ ရေမည်ဟု ပြောရာ ကုမ္မဏီနှင့် ကွဲ သည်။ ဆရာတင် မန္တလေးပြန်လာခဲ့သည်။
ဆရာတင်သည် အရင်းရှင် ကုမ္မဏီ ၏ ဂုတ်သွေးစုပ်မှု့ ၊ ဗြိတသျှ အစိုးရ ၏ဖိနိပ် မှု့ ကို ခံပြင်းနာကျည်းစွာ မန္တလေးပြန်ခဲ့သည်
ကိုယ်ပိုင်ဓါတ်ပြား ကုမ္မဏီ ထောင်ရန်ကျိုးစားသော်လည်း ကိုယ်ပိုင်အရင်းအနှီး ကမရှိ သဖြင့် ငွေထုတ်နိုင်မည့် ဗမာ ငွေရှင်ကို လိုက်ရှာရသည်။ သူလက်တွင် ၀တ်ထားသော စိန်လက်စွပ်ကလေးကို ရုံတော်ကြီးအပေါင်ဆိုင်တွင် ၂၀၀ကျပ်နှင့် ပေါင်ပြီး ဓါတ်ပြားသွင်းသည့် လုပ်ငန်း ကို စိတ်ဝင်းစားသည့် ဗမာ ငွေရှင် ကို မြင်ရထားတစ်စီး နေ့လုံးပေါက် ၁၅ကျပ်ပေးကာ လိုက်ရှာသည်။

နောက်ဆုံး ကျောက်သွေးတန်း မှ အောင်မင်္ဂလာ ရွှေထည် ငွေထည် ကုမ္မဏိပိုင်ရှင် ဦးလှအောင် နှင့် ဦးမောင်ကလေး တို့ သူတို့ လုပ်ပါမည်ဟု ပြောလာသည်။

အောင်မင်္ဂလာ ဓါတ်ပြားကုမ္မဏီ တည်ထောင်ပြီး ဆရာတင်-လေဘာတီမမြရင်-မြို့ မတီးဝိုင်း -မန္တလေးမှ အနုပညာရှင်များ ၀ိုင်းဝန်းအသံသွင်းပြီး ကိုလံဘီယာ ကို စီပွားရေး စစ်မျက်နှာဖွင်ကြသည်။

ဆရာတင် ၏ သူဌေးဝါဒ-၊ တက်သစ် သူဌေးဝါဒ ၊ လေဘာတီ ရဲ့ မြန်မာဂုဏ်ရည်၊ မောင်အရည်အချင်း စသည့် သီချင်းများမှာ အောင်မင်္ဂလာထွက် ဖြစ်ပြီး အလွန်ရောင်ကောင်းသည်။

ထိုအဖြစ်ကို သိသော် ကိုလံဘီယာမှ ကိုယ်စားလှယ်က မန္တလေးကို လိုက်လာပြီး ဆရာတင်ကိုချော့ သည် --ဆရာတင့် သားသမီးတွေကို ငွေ ၅၀ စီမုန့် ဖိုးပေးပြီးချော့ သည်။
ဆရာတင်သည် အရင်းရှင် ကုမ္မဏီ ကချော့ သည်ကို ၀မ်းမပါး သည့် အပြင် သူတို့ ကုမ္မဏီဂုဏ်တက်အောင် မိမိမှာ မလွတ်လပ်ကြောင်း--အောင်မင်္ဂလာမှ ခွင့် ပြုမှသာ အခြားကုမ္မဏီတွင်သီဆိုနိုင်တော့ မည်ဖြစ်ကြောင်း ပြောသည်။ ကိုလံဘီယာ လည်း ဆရာတင် စကားကိုကြားပြီး အောင်မင်္ဂလာ သူဌေး ဦးလှအောင် နှင့် ဦးမော်လေး တို့ ကိုတွေ့ ပြီး အောင်မင်္ဂလာ ကုမ္မဏီကိုရော -နည်မည်ကိုပါ ကြိုက်ဈေး ပေးပြီး ၀ယ်ယူသွားလေသည်။ ဆရာတင်မှာ ပက်လက်လန် နေတော့ သည်---အောင်မင်္ဂလာနှင့် ကိုလံဘီယာ တို့ ရဲ့ အရင်းရှင် လုပ်ပေါက်တွေ ကို စိတ်နာလှသဖြင့် ၂ နှစ်မျှ သီချင်းမသွင်းပဲ အငတ်ခံနေသည်။
နောက်ပိုင်း ဆရာတင် သွင်းသည့် သီချင်းများမှာ ကမ္ဘာစစ်မီး ဗမာ နိုင်ငံသို့ ရောက်လာချိန် ဖြစ်သဖြင့် ဓါတ်ပြားအဖြစ်ပြန်ရောက်မလာတော့ မူများသာဆုံးပါးသွားရတော့သည်။
စစ်ပြီး စတွင် ကတီကရီ နှင် ဖြစ်သလို ဇာတ်ထောင်စားရသည်--မင်းသား မင်းသမီး မရှိသောအခါ ဆရာတင် ကိုယ်တိုင် မင်းသားဝင်လုပ်သည်။

ဆရာတင်မှာ သားသမီး ၁၃ ယောက်ရှိသည့် အနက် မြခြေကျင်း ဒေါ်ငွေမြိုင် သင်ကြားပေးသည့် ရွှေမန်းညွှန့်လှိုင် ဆိုသောမင်းသား တစ်ယောက် နှင့် သားငယ် ရွှေနန်းတင် တို့ မင်းသားဖြစ်လာပြီး သား ဖိုးထောင်မှာ လူရွှင်တော်(လူပြက်) ဖြစ်နေပါသည်။
စစ်ပြီး စတွင် ရမည်းသင်းခရိုင်-ပျဉ်းမနားခရိုင်များတွင် လိုက်လံကပြ သေသည်။

ပျဉ်းမနားခရိုင်ထဲတွင် တောမင်းသမီးလေ တစ်လက်နှင့်တွေ့ ရာ လေဘာတီမမြရင်နှင့် အလွန်တူသဖြင့် ဇီးတောသူ မြရင် ဟုခေါ်ပြီး အိုးစည်ဝိုင်းကသူလေးဖြစ်သည်။ ဆရာတင်က ထိုသူငယ်မကို ပလောင်မဟန်စိန် ဟု အမည်ပေးပြီး ဘုန်းကြီးပျံရှာပြီး ပွဲလိုက်ကသည်။

၁၉၄၇ တွင် မန္တလေးပြန်လာ နိုင်သည်။ သားလေး ရွှေနန်းတင်ကို မြေတောင်မြှောက်ပေးနေစဉ် ၁၉၄၉ ခု -မူလက စွဲနေသော ငှက်ဖျား ဒဏ် နှင့် အရက်ဖြတ်ထားသည့် ဒဏ် ၂ခုပေါင်းပြီး ကွယ်လွန်လေသည်။
ကရင်နှင့် အစိုးရ ပြည်တွင်း စစ်ကာလဖြစ်သဖြင့် အလောင်းကို လိုက်ပို့ မည်သူဝေးလို့ ထမ်းချမည်သူတောင် မရှိပေါ။ ထို့ ကြောင့် သားလေးနန်းတင်နှင့် ရဲဘော်လေးယောက် တို့ က မန္တလေး အရှေ့ ပြင် မင်္ဂလာဥယျာဉ် ဘက်ရှိ အုပ်စက် သင်းချိုင်း တွင် ကိုယ့် ဖါသာ ကျင်းတူး သဂြိုဟ် လိုက်ရသည်။ 

ဆက်ဖတ်ရန်

အလောင်းဘုရား ၏ အင်္ဂလန် ပြည့်ရှင် ဒုတိယမြောက် ဂျော့ဘုရင် ထံသို့ပေးပို့သော ရွှေပေလွှာ


ခရစ်သက္ကရာဇ် ၁၇၅၆ မှာ မြန်မာဘုရင် အလောင်းမင်းဘုရားဟာ အင်္ဂလန်ပြည့်ရှင် ဒုတိယမြောက်ဂျော့ ဘုရင်ထံသို့
ဆင်စွယ် ကျုတ် နှင့်ထည့်ထားတဲ့ ပတ္တမြား ၂၄ လုံးစီချယ်အပ်သော ရွှေစင် စစ်စစ် ရွှေပေလွှာကို ပေးပို့တော်မူခဲ့တယ်
သို့ ပေမယ့်လို့ ရွှေပေလွှာကို မြန်မာ လိုရေးထားတာပါ
မြန်မာလို ပြန်ဆိုပေးနိုင်တဲ့ သူ
ဒုတိယမြောက်ဂျော့ဘုရင်ထံမှာမရှိတာကြောင့် ခရစ်သက္ကရာဇ် ၁၇၅၈ မှာ ဂျော့ဘုရင်မင်းမြတ်ဟာ
ရွှေပေလွှာကို တော်ဝင်ပြည်သူ စာကြည့်တိုက်သို့လွှဲအပ်တော်မူခဲ့ပါတယ်
အသေးစိတ် သိချင်သူတွေကတော့ အသေးစိတ်ရေးသားထားတဲ့ pdf ဖိုင်ကို ဒေါင်းလုပ်ယူပြီးကြည့်ရှုနိုင်ပါတယ်ဗျာ
အောက်ဆုံးမှာပေးထားတယ်ဗျာ
The letter remained in a vault in Hanover for 250 years, mainly unremarked although Danish King Christian VII saw it in 1768. It would have been better he hadn’t because he damaged it in handling making the text even harder to decipher.
Three years ago historians at what is today known as the Gottfried Wilhelm Leibniz Library, after the famous mathematician and philosopher who was also its head librarian between 1676 and 1716, revived the long-dormant golden letter and set about finally deciphering it.









ဆက်ဖတ်ရန်
မိတ်ဆွေတို့ အပန်းမကြီးဘူးဆိုရင် ကြော်ငြာလေးတွေကို တချက်တလေ ကလစ်ခဲ့ပါလို့ တောင်းဆိုပါရစေ

Blogger news

ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်  ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ  အမှားဖြစ်ဖို့ နီးစပ်တယ်။  (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်) ကြိုးစားမှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ပါတယ်ဗျာ။ ဘလော့ကာတစ်ယောက်ဆိုတာ စာဖတ်ပရိတ်သတ်တွေအတွက် ကြိုးစားပေးနေကြတာပါ ဒါကြောင့်ညီမျှတဲ့ တန်ပြန်တုန့်ပြန်မှုလေးတွေ ပေးသွားကြပါလို့......။ လာလည်ကြသူအပေါင်းကျန်းမာ ပျော်ရွှင်ကြပါစေဗျာ :)

LinkWithin

Related Posts Plugin for WordPress, Blogger...