တစ်ခါက သစ်ပင်တစ်ပင်ကြီးရှိတယ် ။ ပင်စည်ကောင်းကောင်း အမြစ်ကောင်းကောင်း
အကိုင်းအခက်တွေဝေေ၀ဆာဆာနဲ့ အသီးတွေကလဲ ရှိနေပြန်တယ်
။ တကယ်ကို အုံ့အုံ့ ဆိုင်းဆိုင်းနဲ့ သစ်ပင်ကောင်းကောင်းကြီးတစ်ပင်ပေါ့ ။ ဒါကြောင့် တစ်ချို့သူတွေကတစ်ခါတစ်လေ
ဖြတ်သွားဖြတ်လာရင်းနဲ့ အရိပ်ကောင်းလှတယ့် ဒီသစ်ပင်ကြီးအောက်မှာ
ခဏတစ်ဖြုတ်နားခိုချင်ကြတယ် ။ တစ်ချို့ကြတော့ သစ်ပင်ကြီးအောက်မှာ ၀ိုင်းဖွဲ့ကာ
စကားစမြည်ပြောချင်ကြတယ် ။ တစ်ချို့ကတော့ အရိပ်နေနေအခက်ချိုးချိုး လုပ်ချင်ကြတာပေါ့
။ နောက်ပြီးကလေးတွေကလဲ
ဆော့ကစားချင်ကြသေးတယ် ။ အားလုံးကဒီသစ်ပင်ကြီးကို သူတို့ဆန္ဒအတိုင်းပြုလုပ်ချင်ကြတယ် ။
ဒါပေမယ့် အပင်ကြီးကလက်မခံဘူး…
လက်မခံတာမှ လုံးဝကိုခါးခါးသီးသီးပဲ…။ ဘာဖြစ်လို့လဲဆိုတော့ သူမှာ ကိုယ်ပိုင်ယူဆချက်တစ်ခုရှိနေတယ်..။
အဲဒါက ဖြတ်သွားဖြတ်လာ
နားခိုသူတွေပဲဖြစ်ဖြစ် စကားစမြည်ပြောဆိုသူတွေပဲ ဖြစ်ဖြစ်
အချိန်တန်ရင် သူအရိပ်အောက်က
ထွက်ခွားသွားကြမယ်ဆိုတာ သူယုံကြည်နေတယ် ။ အရိပ်နေနေအခက်ချိုးချိုး သူတွေဆိုပိုဆိုးတာပေါ့
။
ဒါကြောင့် သူကစည်းမျဉ်းတစ်ခုချမှတ်လိုက်တယ်..။
သစ်ပင်ကချမှတ်လိုက်တာဆိုတော့ သစ်ပင်စည်းမျဉ်းပေါ့..။အဲဒါက…..
“ သူအရိပ်အောက်မှာ တသက်လုံးနေနိုင်မယ့်သူကိုသာ သူအရိပ်ထဲ
ဝင်ခွင့်ပေးမယ် ”
အဲဒီစည်းမျဉ်းက သစ်ပင်ကြီးကို လူတွေနဲ့ တစ်ဖြည်းဖြည်း ဝေးကွာသွားစေတော့တယ်
။ မနေနိုင်တဲ့သူတွေက
အနားကိုမကပ်ကြတော့ဘူး ။ တစ်ချို့တစ်လေကျတော့လဲ အရဲစွန့်ပြီး ခွင့်တောင်းကြတယ်
။
ဒါပေမယ့်သစ်ပင်ကြီးက နိုး ဆို နိုး
ပဲ..။
နောက်ဆုံးတပ်ခေါက်ပြီး ပြန်သွားကြရတော့တာပေါ့..။
ဒီလိုနဲ့ အချိန်တွေ
ကြာလာတော့ ဖြတ်သွားဖြတ်လာမရှိတဲ့
သစ်ပင်ကြီးက ခြောက်ကပ်ကပ်ဖြစ်လာတဲ့အပြင်
သူ့အမှိုက်တွေနဲ့ သူ ရှုပ်ရှက်ခက် လာတယ် ။ အောက်ခြေမှာဆို သူဆီကကြွေကျတဲံ သစ်ရွက်ခြောက်တွေနဲ့……ဘေးပတ်ပတ်လည်မှာလဲ ပေါင်းမြက်တွေ
နွယ်ပင်တွေနဲ့…
အပင်ကြီးကတော့ နဂိုအတိုင်းပါပဲ ပင်စည်ကောင်းကောင်း
အရွက်တွေဝေေ၀ဆာဆာနဲ့ပဲ ..
ဒါပေမယ့် ကြည့်ရတာ
မှိုင်းညို့နေတယ် အရွက်တွေကစိမ်းလန်းမှုရှိပေမယ့်
လန်းဆန်းမှုမရှိတော့ဘူး ။ ဒါကိုအပင်ကြီးမသိဘူး…။သူစည်းမျဉ်းတွေနဲ့ သူနေထိုင်နေဆဲပဲ…
တစ်နေကြတော့ သူဆီကိုလူတစ်ယောက်ရောက်လာတယ်……
လက်ထဲမှာလဲ တံမြက်စည်းတစ်ချောင်းနဲ့….ဘာမှန်းမသိတဲ့မျက်ဝန်းတွေနဲ့ အပင်ကြီးကိုကြည့်ပြီး
အရိပ်ထဲ့ကိုဝင်မလို့လုပ်တယ် ။ ဒါပေမယ့် သစ်ပင်ကြီးက
ဟန့်တားလိုက်တာကြောင့် သူရပ်သွားတယ် ။
“ဟိတ် ဘာလုပ်ဖို့ ငါ့အရိပ်ထဲကို
ဝင်လာရတာလဲ “
သစ်ပင်ကြီးကမေးတယ် ။ လူငယ်ကသစ်ပင်ကြီးကိုကြည့်ပြီး ခပ်တည်တည်ပဲ….
“ မင်းကို စိမ်းလန်းစေချင်လို့ပါ
“
“ မလိုဘူး…..ငါ့ဘာသာငါ
စိမ်းလန်းနေပြီးသားပဲ မင်းငါ့အရိပ်ထဲဝင်စရာမလိုဘူး ”
“ မင်းကို စိမ်းလန်းနေတယ်လို့
ဘယ်သူကပြောလဲ ”
လူငယ်ရဲ့ အမေးစကားကြောင့်
သစ်ပင်ကြီး တွေခနဲ
ဖြစ်သွားတယ် ဒါပေမယ့်
မကျေမနပ်နဲ့ ပဲ…
“ အို………..ဘယ်သူပြောပြော
မင်းကိစ္စမဟုတ်ဘူး………အဓိက
က မင်းငါ့အရိပ်ထဲကို
မ၀င်ဖို့ပဲ “
ပြောပြီးတစ်ဖက်လှည့်နေတယ့် သစ်ပင်ကြီးကို လူငယ်ကကြည့်ပြီးသက်ပြင်းချတယ်…
နောက်……..
“ ဒီမှာသစ်ပင်ကြီး…”
သစ်ပင်ကြီးက ပြန်မဖြေဘူး…..
“ ကျုပ် ခင်ဗျားဆီ
ဘာလို့ရောက်လာတာလဲ ခင်ဗျားသိလား
”
သစ်ပင်ကြီးက ပြန်မဖြေပြန်ဘူး…….ဖြေလို့လည်းမရဘူးလေ
သူသိမှမသိတာ သူသိတာသူစည်းမျဉ်းပဲ
လူငယ်ကဆက်ပြောတယ် ။
“ တကယ်တော့ခင်ဗျားက ကိုယ်ဆီကိုဘာကြောင့်ရောက်လာမှန်းမသိပဲ တခါးမဖွင့်ပေးချင်တယ့်
အိမ်ရှင်ပဲ… ဒီမှာသစ်ပင်ကြီး……”
သစ်ပင်ကြီးတိတ်နေတယ် ဒါပေမယ့် ရှုတည်တည်နဲ့ လှည့်ကြည့်တယ်
“ ကျုပ်ဘယ်လိုရှင်သန်နေလဲ ခင်ဗျားသိလား ”
သစ်ပင်ကြီးငြိမ်နေတယ်………ငြိမ်နေတာမှ သစ်ရွက်တောင်မလှုပ်ဘူး
“ ခင်ဗျားမသိဘူးဆိုတာ ကျုပ်သိပါတယ် ခင်ဗျားက ခင်ဗျားစည်းမျဉ်းနဲ့ ပိတ်မိနေသူတစ်ယောက်ပဲ
ကျုပ်ကတော့ ခင်ဗျားဘယ်လိုရှင်သန်နေလဲသိတယ်..ဒါကြောင့် ကျုပ်လာကူညီတာ…”
သစ်ပင်ကြီး နည်းနည်းတော့
အံ့သြသွားတယ်.. ဟုတ်တယ်
ဒီလူမျိုးအရင်ကသူမတွေ့ဖူးဘူး အရင်က သူတို့လိုတာပဲတောင်းဆိုကြပြီး မရရင်ပြန်လှည့်ထွက်သွားကြတာ…အခုဒီလူက
သူကိုစကားတွေပြောနေတယ်..
ဘာအကြောင်းလဲမသိပေမယ့် သူတစ်ဖြည်းဖြည်းစိတ်ဝင်စားလာတယ်…ဒါကြောင့်လှမ်းမေးလိုက်တယ်
“ မင်းကဘယ်သူလဲ…..”
“ ကျုပ်ဘယ်သူဆိုတာ အရေးမကြီးပါဘူး ကျုပ်ရဲ့အဓိကတာဝန်က
ခင်ဗျားကိုစိမ်းလန်းအောင်လုပ်ပေးဖို့ပဲ “
လူငယ်ကပြောပြီးရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တယ် ။ သစ်ပင်ကြီးသတိမူမိဘူး ။ လူရွယ်က သူအရိပ်ထဲရောက်လုနေပြီ ။ သစ်ပင်ကြီးက လူငယ်အကြောင်းကိုသိချင်နေတာကြောင့်ပဲ ဒါကိုပဲမဲနေတယ်…..ဒါကြောင့် ဆက်ပြီး…..
“ ဟုတ်ပါပြီ နေပါအုံး
ခင်ဗျား ဘယ်ကလာတာလဲ
”
“ ကျုပ်လား ကျုပ်က
တိုင်းပြည်တစ်ပြည်ကလာတာ ”
လူရွယ်က ပြောပြီး
ခြေတစ်လှမ်း ထပ်လှမ်းတယ်
“ ဘာတိုင်းပြည်လဲ အဲဒီတိုင်းပြည်မှာ ခင်ဗျားလိုလူတွေပဲလား
”
“ ဆိုပါတော့ ”
လူရွယ်က တစ်လှမ်းထပ်လှမ်းပြန်တယ်....
“ အဲဒီမှာ ဘာတွေရှိလဲ
“
သစ်ပင်ကြီးက စကားတွေဖောင်ဖွဲ့ဆဲ…..မပြောရတာကြာနေလို့လားမသိဘူး
စိတ်လိုလက်ရရှိနေပုံရတယ်
“ ဘာမှမရှိဘူး ဒါပေမယ့် လွတ်လပ်ခြင်းတွေ ရှိတယ် စည်းမျဉ်းတွေ ယုံကြည်ချက်တွေ မရှိဘူး ကိုယ်တိုင်လုပ်ဆောင်နိုင်ခြင်းတွေပဲ ရှိတယ်
”
“ ဒါဆို ခင်ဗျားရည်ရွယ်ချက်ကဘာလဲ
ခင်ဗျားလိုလူက ဒီကိုဘာလာလုပ်တာလဲ..”
“ ကျုပ်ပြောပြီးပါပကော ခင်ဗျားကို စိမ်းလန်းအောင်လုပ်ပေးမို့ပါဆိုနေ
“
သစ်ပင်ကြီး ငြိမ်သက်သွားပြန်တယ်..တစ်စုံတစ်ခုကို အသေအချာစဉ်းစားနေသလို….။ လူငယ်ကတော့ အရိပ်ထဲကိုရောက်နေပြီ
။ စကားလည်းပြော
အလုပ်လည်းလုပ်ပေါ့ ။ လုပ်တာကမှ အရိပ်ထဲမှာ ၀င်လိုက်ထွက်လိုက်နဲ့ကိုနေတာ ။ ပတ်ဝန်းကျင်ကလည်း တခဏချင်းပဲ အသွင်ပြောင်းသွားတယ် ။ပြောရရင်သစ်ပင်ကြီး
နဂိုအတိုင်း ပြန်ဖြစ်လာတယ်ပေါ့…။ စိမ်းစိုလှပလို့…..ပြောက်တိ ပြောက်ကျားကျနေတဲ့ နေရောင်ခြည်အောက်မှာ အရွက်တွေတောင်
ဝင်းဝင်းတောက်လာသလိုပဲ…..။ သစ်ပင်ကြီးတော့ ထိုအရာတွေကို လုံးဝကိုသတိမမှုမိတော့ဘူး
။ ကြည့်ရတာသူစည်းမျဉ်းတွေကို
သူမေလျော့သွားပုံရတယ်..။ နောက်တော့သတိရလာဟန်နဲ့ စကားစဖို့ကြံတယ် ။ ထိုအချိန်မှာတော့ လူငယ်က ရှင်းလင်းပြီးလို့ လက်စသတ်ပြီး ပြန်ရန်ပြုနေပြီ ။
“ ဒီမှာ………….ခင်ဗျားကိုကျွန်တော်
ပြောစရာရှိတယ် ”
လူငယ်ကချွေးသုတ်ရင်း ပြောဆိုတဲ့သဘောနဲ့မေးဆတ်ပြတယ် ။ သစ်ပင်ကချီတုံချတုံဖြစ်နေဟန်နဲ့ စကားကိုခဏရပ်တယ်
။ နောက်မှ….
“ ခင်ဗျား..ကျွန်တော်အရိပ်အောက်မှာ
တသက်လုံးနေဖို့ စိတ်ကူး
မ ရှိ…..ဘူးလား…ခင်ဗျားတိုင်းပြည်ကို ပြန်ဖို့ မလိုရင်ပေါ့..”
လူငယ်ကသစ်ပင်စကားကြားတော့ မစဉ်းစားပဲ ပြုံးတယ် ။ ဒါကိုသစ်ပင်ကြီးက သူကိုခနဲ့တယ်လို့ ထင်သွားပြီး စကားချက်ချင်းဆိုတယ်
“ ဟုတ်ပါတယ် ကျွန်တော်က
ခင်ဗျားပြောသလို စည်းမျဉ်းတွေနဲ့
ပိတ်မိနေသူပါ ။ ဒါကြောင့် နှစ်ပေါင်းများစွာ
အထီးကျန်ခဲ့ရတယ်….ဒါပေမယ့်
ဒီတစ်ခါကတော့ ကျွန်တော်…ဆန္ဒ…ပါ “
သစ်ပင်ကြီးက ပြောပြီးငြိမ်သက်သွားပြန်တယ် မ၀ံ့မရဲဖြစ်မှုကြောင့်ထင်ပါတယ်
သစ်ရွက်တွေ တုန်ခါနေတယ်
။ လူငယ်ကာ သူကိုပြုံးပြီးကြည့်နေဆဲ…
တော်တော်ကြီး ကြာကြာကြီးကြည့်ပြီးမှ လူငယ်စကားသံထွက်လာတယ်
။
“ ဒီမှာသစ်ပင်ကြီး
”
သစ်ပင်ကြီးက လူငယ်ဆီကတစ်စုံတစ်ခုကို စောင့်မျှော်နေပုံနဲ့
မော့ကြည့်တယ်
“ လောကမှာ ကျုပ်လိုလူမျိုး
ဘယ်နှစ်ယောက်ရှိမယ်ထင်လဲ ”
သစ်ပင်ကြီးခေါင်းခါတယ် လေတိုက်တာနဲ့ရောပြီး သစ်ရွက်တွေအများအပြားကြွေသွားတယ်
။ လူငယ်ကဆက်ပြီး…..
“ တကယ်တော့ ကျုပ်လဲမသိပါဘူး..”
“ ဒါကြောင့် ကိုယ်မသိနိုင်တဲ့အရာတခုကို
ဘာကြောင့်ဖြစ်မလာရကောင်းလားဆိုပြီးတော့ စည်းမျဉ်းတွေနဲ့ တားဆီးထားရတာလဲ
”
“ ခင်ဗျားဆီကို တကယ်လာချင်တဲ့ သူတွေ ခင်ဗျားအရိပ်မှာ တကယ်ခိုလှုံချင်တဲ့သူတွေ
ပျော်ရွှင်စွာဆော့ကစားချင်တဲ့သူတွေ ခင်ဗျားကိုပျော်ရွှင်မှုပေးချင်တဲ့သူတွေ တကယ်ရှိချင်လဲရှိနေနိုင်မှာပေါ့…
ဒါကိုခင်ဗျားမှမသိနိုင်ပဲ ”
လူငယ်ရဲ့စကားတစ်ခွန်းကို သစ်ပင်ကြီးက တစ်နေရာရာကိုကြည့်ကာ
လေးလေးနက်နက်စဉ်းစားပြီး ခေါင်းငြိမ့်တယ် ။ လူငယ်ရဲ့အပြုံးက ပိုပြီးအသက်ဝင်လာတယ်…….ခဏကြာသည်အထိ
“ ဒါဆိုအခုကျွန်တော် ဘာလုပ်သင့်လဲ “
သစ်ပင်ကြီးကခေါင်းထောင်ကာ ထမေးတယ် ။ လူငယ်ကမဖြေတော့ပဲ
သစ်ပင်ကြီးရဲ့အရိပ်အောက်ကနေ တစ်လှမ်းခြင်းထွက်ခွာလိုက်တယ် ။ မျက်နှာပေါ်က အပြုံးတစ်ဝက်နဲ့
ဖြေဖြေးချင်း…..
“ ဟေ့လူ …”
တကယ်တော့ သစ်ပင်ကြီးက
လူငယ်ဘာကိုဆိုလိုမှန်း နားလည်လိုက်ပါပြီ ။ ဒါပေမယ့် သူသိချင်တာတခုကြောင့် ခေါ်နေသေးတယ်
“ ဟေ့လူ ဟေ့လူ
”
လိုက်သွားလို့မရတာကြောင့် တစ်ဖြေးဖြေးဝေးသွားတော့မယ်ဆိုတာ သစ်ပင်ကြီးသိနေတယ်
“ ဟေ့လူ..ခင်ဗျား…ခင်ဗျားနာမည်လေးပြောခဲ့ပါ ……ဟေ့လူ
”
လူငယ်ကကြားရသလို လှည့်ကြည့်ပြီးတော့ ကြားရသလောက်အသံနဲ့
လှမ်းပြောတယ် ။ တိုးသလား ကျယ်သလား သစ်ပင်မသိ
။ သစ်ပင်ကြီး ပြတ်ပြတ်သားသားကြားလိုက်ရတယ် ………….
လူငယ်ကတော့ ဝေး……ဝေးသွားပြီ……။
ဒီလိုနဲ့ ပဲ………………….
……………………………………………..
ရက်အနည်းငယ်ကြာတော့ သစ်ပင်ကြီးအောက်၌ ဘာမှမထူးဆန်းတော့သလို
လူတွေနဲ့ စည်ကားလာတယ်
။ တစ်စုံတစ်ယောက်ကို
ရင်ဖွင့်ပြီးစီစစ်စောင့်မျှော်နေတယ့် သစ်ပင်ကြီးရဲ့ အဖြစ်ကလဲ မထူးဆန်း ။ ထူးဆန်းသည်က
သစ်ပင်ကြီးက ဘယ်သူမှမကြားအောင်
တစ်စုံတစ်ခုကို ရွတ်ဆိုနေတယ်
။ တကယ်တီးတိုးဆိုမှ
တီးတိုးလေး…
သေချာနားထောင်ကြည့်လိုက်တော့ တစ်စုံတစ်ယောက်ဆီကစကားနှင့် ဆင်တူနေတယ်
“”…ကျွန်တော်နာမည် ပုံပြင်ပါ…””
ထိုသို့……..ထိုသို့….ပါ..ပဲ…..
သင်သည် ဒီလိုသစ်ပင်ပါလား…………
တကယ်လို့ သင်သည်
ဒီလိုသစ်ပင်မဟုတ်ခဲ့လျှင်လည်း သင့်ထံသို့ ပုံပြင် ရောက်လာပါလိမ့်မည် ။
နေကောင်းကင်နီ( ပုံပြင်
)
No comments :
Post a Comment
တစုံတယောက်....တခုခုရရှိသွားပါသည်......။