“မုန့်စိမ်းပေါင်း…..
ဟေ…….
မယ်လိုဒီယောင်္ကျားရောင်းတဲ့
မုန့်စိမ်းပေါင်း…..”
" စားမှာလားမစားဘူးလား........"
ထိုအသံကြားသည်နှင့်
အားလုံးက လှုပ်လှုပ်ရွရွဖြစ်ကာ ဖိန့်ဖိန့်တုန်ကြသည် ။ မနေနိုင် မထိုင်နိုင် ယောက်ယက်ခက်ကုန်ကြသည်
။ လူကြီးတွေဆို ခေါင်းချင်းဆိုင်ကုန်ကြသည် ။ ကလေးတွေဆို လက်ညှိုးထိုးပြီး ၀ိုင်းကြည့်ကြသည်
။ ဤမျှလောက်ဖြစ်သွားလောက်အောင် ထိုသူက မည်သူနည်း ။သိချင်ကြမည် ။ သူကား ဗိုလ်အောင်ဒင်
မဟုတ်ပါ ။ ဂေါက်ကြီးသာဖြစ်၏ ။ ဟုတ်သည်….။ သူ့နာမည် ဂေါက်ကြီး…။
ဂေါက်သီးနှင့်
ညီအကိုမဟုတ် ။ တစ်ဝမ်းကွဲလဲ မတော်စပ်ပါပဲနဲ့ သူ့နာမည်က ဂေါက်ကြီး ။ သေချာတာက သူဂေါက်သီးကို
မမြင်ဖူး ။ သူသိသည်က မုန့်စိမ်းပေါင်း… မယ်လိုဒီ.. ၀တ်မှုံရွှေရည်… နန်းခင်ဇေယျာ… ထိုလေးခုတော့
သူကောင်းကောင်းသိသည် ။ ထိုကြောင့် ထိုလေးခုကို သူကောင်းကောင်း အသုံးချသည် ။ ခေါင်းစဉ်တပ်တော့…
မုန့်စိမ်းပေါင်းထဲမှာ သူအသက်မွေးသည် ။ နောက်သုံးယောက်ထဲမှာတော့ သူ့စိတ်ကိုမွေးသည်
။ ရှင်လား မရှင်လားတော့မသိ ။ လူက ဖလန်းဖလန်းကို ထလို့…
ခုပဲ.. ဖြစ်ပျက်သွားပုံကို
ကြည့်ပါလား… လမ်းထိပ်ကအော်ရင် လမ်းအောက်က နေလို့မရတော့… အဲလောက်ထိကို အသံက အောင်သည်
။ ဆွဲဆောင်မှုရှိ၏ ။ အော်တဲ့ပုံစံကို ကြည့်ပါလား ။ ဒီကြားထဲ လိုအပ်ရင်လိုအပ်သလို ထပ်အော်သေးတယ်…။
“ စားမှာလား….
မစားဘူးလားတဲ့…”
မစားဘူးဗျာလို့
ပြောကြည့်ပါလား…….
“ မစားရင်ဒီနေရာကမပြန်ဘူးဗျာ…..”
ဆိုပြီး အဲဒီနေရာကထမှာကိုမဟုတ်တော့ဘူး…ပေကပ်ထိုင်နေမှာဗျ…။
ကဲ ရုတ်တရက်ကြည့်ရင်
ရိုက်ပေါက်လို့ မထင်ဘူးလား ။ တစ်ကယ်လည်း မသိတဲ့သူ ထရိုက်ချင်လောက်အောင် ရုပ်တည်ကြီးနဲ့အော်တာ
။ ဒီကြားထဲ လာလာချည်သေး ။ မစားရင် ဒီနေရာက မပြန်ဘူးဗျာတဲ့ ။ ဒါကမှ လူဆိုး… တစ်ကယ့်လူဆိုး
။ ရေမစို နေပူလှန်းခံရတဲ့သူတွေ ရုပ်ခံနဲ့ ပြောရရင်…
ဟင့်.. သွား…
လူ…ချိုး…။
အဲလိုလူမျိုး……..
။
ဒါပေမယ့်
အံ့သြစရာဗျာ… ဘယ်ဘ၀ကပါတဲ့ပါရမီလဲ မသိ ။ ခုထိ သူ့နဖူးမှာ ချုပ်ရာဆိုတာမရှိသေးဘူး ။ သွားတွေကလည်း
ကွမ်းစားလို့ နည်းနည်းမဲနေတာကလွဲရင် အကောင်းအတိုင်းရှိသေးတယ် ။ ခန္ဓာကိုယ်ကလဲ အာနိုး မူကြိုမတက်ခင်ကလို နင်လား ငါလားတော့ ရှိသေးတယ် ။
အဲ ခြေထောက်ကတော့ ငယ်ငယ်က ဘောကန်တယ်ဆိုလား… အဲတာကြောင့် လမ်းလျှောက်ရင် ခွင်တောက်ခွင်တောက်နဲ့…
သူကတော့ သူ့စကား ဘာရရ ပြောတာပဲ ။ မယ်လိုဒီကို ချီပြီး ခိုးပြေးရလို့တဲ့…။ သူ့ဘာသာသူ
မုန့်စိမ်းပေါင်းတောင်းထမ်းလို့ ခွင်ရင်ခွင်တယ်ပေါ့ ။ မသကာ စာမရလို့ ဒဏ်ပေးခံရတဲ့အနေနဲ့
ထိုင်ထလုပ်ခဲ့ရတာဆိုရင် ယုံရင်ယုံဦးမယ် ။
ဒီကြားထဲ
ရင်းနှီးတဲ့သူများဆိုရင် သူအားတဲ့အချိန်ဆို အနားမှာ လာ လာပြီး လကမ္ဘာကနေ အော်ပြောသလို
အသံနဲ့ ရင်ဖွင့်တာကလဲ ခံရသေး ။ သူခဏခဏပတ်တဲ့တိုင်ကတော့ မယ်လိုဒီပဲ ။
ဘယ်နေရာမှချုပ်ရိုးမရှိပေမယ့်
သူ့ရင်ဘတ်ထဲမှာ ချုပ်ရိုး ထူလဗြစ်ပါတဲ့ ဖြစ်ပါသတဲ့ ။ ယောက်ျားအရာမြောက်ခါနီးမှ ဘယ်သူမှ
ဘာမှမလုပ်ပဲ ကွဲခဲ့ရတာပါတဲ့ ။ မွေးကထဲကပါလာတဲ့ ယောက်ျားအရာကို ဘာလို့ခုမှ ထပ်မြောက်ချင်ရတာလဲ
မသိပါဘူး ။မနက်ဖြန်ဆိုရင်ပဲ ယူတော့မယ်ဆိုပဲ…. မယ်လိုဒီကြားရင် သေကြောင်းကြံမှုအများဆုံး
ဆိုတဲ့ ဂိုးဒင်းဂိတ်တံတားပေါ်က ခုန်ချသွားနိုင်တယ် ။ ရှင်းပြရင်တော့ ချက်ချင်းပဲ မယ်လိုဒီဆီ
ပြေးမေးချင်လောက်အောင် အသက်ဝင်တာနော် ။ ဘယ်နှစ်ခါပြောပြော ဘယ်သူ့ကိုပြောပြော… ဒီဗွီဒီသာ
ထစ်ရင် တစ်ခန်းကျော်ရင် ကျော်သွားဦးမယ် ။ တစ်ထောင့်တစ်ညပုံပြင်သာ စာလုံးပေါင်းမှားရင်မှားမယ်
။ ဂေါက်ကြီးတို့က အပ်ကြောင်းထပ်ပြီးသားပဲ ။
အဲ့လောက်
ဂေါက်ကြီးသောင်းကျန်းတာကို ဒီအတိုင်းကြည့်နေကြသလား ။ အဲလိုမေးစရာရှိတယ်… ။
ဒါဆို ဂေါက်ကြီးစာမျက်နှာတွေကို လှန်ရမယ် ။
ဂေါက်ကြီးက
ဒေးကာနက်ဂျီ ရေးတဲ့ လူမှုဆက်ဆံရေးကျမ်း မသိဘူး ။ ဦးနုဘာသာပြန်ထားတာကိုလည်း မဖတ်ဖူးဘူး
။ ဖေမြင့်ရေးတဲ့ ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့သူစာအုပ်ကို မလှန်ဖူးဘူး ။ အောင်မြင်သော
ယောက်ျားကောင်းဆိုတာလဲ ဖြတ်သွားဖြတ်လာ နားမထောင်ဖူးဘူး ။ သူ့အလုပ်က တစ်ခုတည်းရှိတယ်…
အဲ့တာက ရုပ်တည်
။
တစ်ခါကဆို
သူလျှောက်နေကြ လမ်းထဲကို ရေသန့်ဆိုင်အသစ် တစ်ခု လာဖွင့်တယ်..။ မယ်လိုဒီယောက်ျားဟန်ဆောင်ပြီး
ရောက်လာခဲ့ရင်းပဲ ရုပ်တည်နဲ့ထအော်လိုက်တာ… ဖြူစင်ရှင်းသန့်(………) သောက်ရေသန့်တဲ့ ။ အသံကလည်း
သိတဲ့အတိုင်း ။
ရလဒ်ကတော့….
တစ်နေ့တစ်ခါ မုန့်စိမ်းပေါင်း ၅၀၀ ဖိုးလောက် အမာခံဖောက်သည်တစ်ယောက်ရသွားတယ် ။ တစ်ခြားကဟာတွေလည်း
ဒီလိုပါပဲ… စကားကြီး ၁၀ခွန်းမသိပဲနဲ့ လူတစ်ဖက်သားကို သိမ်းသွင်းတတ်တယ် ။ ၁၀တန်းမအောင်ပေမယ့်
အလိုက်သိတယ်. ။
ကဲ… ဂေါက်ကြီးစာမျက်နှာကများပြီ….။တိုတိုပြောရရင်
အခု ဂေါက်ကြီးတစ်ခု ကြံစည်နေတယ်ဗျာ ။
သင်္ကြန်ကျမယ်တဲ့…………
ကဲ………………..။
တစ်ကယ်ကတော့
ဂေါက်ကြီးသောက်ချိုးက နဲနဲလေးမှမကောင်းဘူး ။ လစ်ရင်လစ်သလို လူလည်ကျတယ်. ။ မရှိရင် မရှိသလို
ခွက်ပုန်းချတယ်… ရှိရင်လဲ ရှိသလို ဗြောင်ထောင်တာပဲ… အချိန်ရရင် ဘိလိယက်လေးက ပြေးထိုးလိုက်သေးတယ်
။ ပြီးတော့ ၁၂း၀၀ နာရီ ထိုးရယ် ၄း၃၀ ရယ် အောင်စာရင်းကြည့်ဖို့ မုန့်စိမ်းပေါင်း ရောင်းတာရပ်တယ်
။ အောင်ရင် မုန့်စိမ်းပေါင်းတောင်း သူများပေးပြီးတော့… နန်းခင်ဇေယျာရယ်.. ၀တ်မှုံရွှေရည်ရယ်ဆီ
လိမ့်တယ်…( သတိ… အမည်ဝှက်ပေးထားခြင်းဖြစ်ပါသည်…)
ညဘက်ကျတော့ ဖာဂူဆန်ဆီက ပီကေသွားတောင်းစားမလို့ အကြောင်းပြချက်နဲ့..
မော်ရင်ညိုဆီက ပိုက်ဆံဝင်ချီးမယ် ရီဇင်နဲ့ ပြီးရင် ဒေါ်ဘုမတို့ဆီမှာ ကုသိုလ်ရလိုရငြား
မောင်းဝင်ထုတယ်… ဖိုက်တာလုပ်ပြီး ဘော်ဒီတိုက်တယ် ။ လူမိုက်လုပ်ပြီး ကိုရင်ဖိုးကပ်ဆိုလား
သူ့ကိုရိုက်တယ် ။ မနက်ကျလိုရှုံးရင် ပီကေဖိုးပေးလိုက်ရတယ် ရတယ်နဲ့ မျက်နှာက ငါးသလောက်ရေနစ်သလို
ဟစိဟစိ ဖြစ်နေတာ ။ အောင်မယ်ဗျာ… အဲလိုချိန်မှာ ဂေါက်ကြီးဆိုတဲ့ကောင် ရသမျှကိုအမြတ်ရအောင်ယူသေးတယ်
။ သူ့ဟာသူ ဘောပွဲကြည့်လို့ မျက်ကွင်းညိုတာကို မယ်လိုဒီအိမ်မှာပဲ ညသွားအိပ်ခဲ့သလိုလို
။ဝတ်မှုံရွှေရည်နဲ့ပဲ ကလပ်သွားခဲ့သလို ။
ဂေါက်ကြီးဆိုတာ
အဲလိုကောင်…..။
ကံလေးများကောင်းလို့
မော်ရင်ညိုဆီက ပိုက်ဆံချီးလို့ရပြီဆို မနက်ကျ ဂေါက်ကြီးဖနောင့်သံစူးပြီဗျ… မြောက်ကြွမြောက်ကြွနဲ့
။ဒေါ်မြလေးအသံနဲ့ဆို…………ပြောကိုမပြောချင်ဘူး……….။
အဲ……. အခု..
ဂေါက်ကြီး ငြိမ်ချက်သားကောင်းနေတယ်.. ရသမျှလည်း ကျစ်နေတယ်.. ဟုတ်တာရော မဟုတ်တာရော…
သူငြိမ်နေတဲ့အကြောင်းပြချက်က….
သင်္ကြန်ကျမယ်တဲ့……..။
ရသမျှလေးတွေစု…
စုလို့မရရင် အမေ့ချွေးခံထဲကနှိုက်..။ အဖေ့အိတ်ထောင်ထဲက တို…။ ဘိလိယက်ခုံရောက်ရင် ကလေးတွေဝိုင်းထဲ
ဝင်အနိုင်ကျင့်…။ ဒေါ်ဘုမကို ယတြာချေနေလို့ အကြောင်းပြ…။ ဂေါက်ကြီး လိမ်မာချင်ယောင်ဆောင်နေသည်…။
တကယ်တမ်းကတော့ အတွင်းကြိတ် ကြိတ်ကာ တက်တက်နေသည် ၀မ်းတွင်းဗီဇက ဂေါက်ကြီးတစ်ယောက်ကလွဲပြီး
ဘယ်သူမှမသိ..။ ဖလန်းဖလန်းထချင်နေသည် ။
ခေါင်းစဉ်က သင်္ကြန်ကျရင် ကားနဲ့လည် ဖြစ်ဖို့……။
မျက်နှာမြင်ချစ်ခင်..
အသံကြားသနား.. ထိုအရည်အချင်းနဲ့ပြည့်စုံတဲ့ ဂေါက်ကြီးအဖို့ သင်္ကြန်ကားတစ်စီးပေါ် စွေ့ခနဲရောက်သွားဖို့
လွယ်လွယ်လေးပဲဖြစ်သည် ။ အဓိက ဖြစ်နေတဲ့ ပြဿနာက အင်္ကျီ၊ ဘောင်းဘီ ပြီးတော့ ဝေါခနဲရှူးဆိုလား…
ကန်းထရီးဒေါက်ဆိုလား… ရော်ဘင်လား ရေသဘင်လား… အဲလို မျက်မှန်လဲ တပ်ချင်သေးတယ်… ဆံပင်ကတော့
မဆိုးတော့ပါဘူး.. ရှိတာမှ တစ်မွှေးနှစ်မွှေးဆိုတော့.. ဖြစ်နိုင်ရင် ကြက်မောက်ကေလား တစ်လမ်းသွား
ကေလား ထားချင်သား…။
ဒါက ဂေါက်ကြီး အတွေး…။
ဖြစ်ချင်တော့.. မုန့်စိမ်းပေါင်းရောင်းတာရော.. တိုတာရော…
ရှိုတာရော… ကျစ်တာရော…. လစ်တာရော… အားလုံးပေါင်းတာတောင် ဂေါက်ကြီးလိုချင်တဲ့ စံချိန်မမှီ
။ ခွက်ပုန်းခုတ်တာနဲ့ ပြောရရင် ရေချိန်မကိုက် ။ ဂေါက်ကြီး ကြံရပြီ ။
နောက်တော့
သူ့သူငယ်ချင်း ဒေ၀ဒတ်လက်သစ်ရဲ့ အကြံစကားအောက်မှာ ဂေါက်ကြီး မတော်တရော်မဟုတ်တရုတ် နှစ်ကူးဖို့စပြီ
။ ဆုံးဖြတ်လိုက်ချင်းပဲ.. ဘာမဆိုင်ညာမဆိုင် ဟစ်ကြွေးသေးတယ် ။ ဂေါက်ကြီးတဲ့ဟေ့ တဲ့…။
မသိရင် သူကပဲ… သမီးကို ရွေးမယ့် အဿပြာ ၅၀၀ နဲ့ ရဟန်းတော်ကို
ဆွမ်းကပ်လိုက်တဲ့ မင်းသားလိုလို
ထားပါတော့…
ဂေါက်ကြီးကတော့ ဘာပဲဖြစ်ဖြစ်လုပ်ပြီ…။
အကျိုးဆက်က
ဂေါက်ကြီး မုန့်စိမ်းပေါင်းတောင်း ခြေထောက်မပေါက်ပဲ ပျောက်သွားသည် ။ အရင်က တစ်ပတ်လောက်နေမှ
ဒီအိတ်ထဲ ငါထည့်ထားတဲ့ ပိုက်ဆံ ဘယ်သူယူသွားတာလဲ ဆိုသည့်အသံက နှစ်ရက်တစ်ခါ သုံးရက်တစ်ခါလောက်
ထွက်လာသည် ။ ဒေါ်ဘုမက ပီကေအကြောင်းပြချက်နဲ့ ဂေါက်ကြီးအိမ်ကို ရောက်ရောက်လာပြီး ငါ့အကြွေးပြန်ဆပ်မှာ
သေချာပါတယ်နော် ဆိုပြီး တွတ်ထိုးသည် ။
ကျန်မားရေးအတွက်ခမည်းပေးထားတဲ့
ခပ်ပါးပါးလက်စွပ်ကလဲ ကိုယ်ပျောက်သွားသည် ။ အမေမေးတော့ ဂေါက်ကြီးတို့ကဘာရမလဲ…။သိတယ်မဟုတ်လား……။ဟိုယောင်ယောင်ဒီယောင်ယောင်ငြင်းကာ
ဘူးခံ၏..။ ကြာတော့ ဘူးမမှုတ်ပါနဲ့ငါ့သားရယ်ဆိုကာ ပေလေယက်ကန်သဘောထားလိုက်တာလားမသိ ပြောမနိုင်ဆိုမနိုင်လက်လျှော့သွား၏.
။
ဘာပဲဖြစ်ဖြစ်
ဂေါက်ကြီးတို့ကတော့ကြိုက်သည်ပေါ့…။
အိမ်ကပစ္စည်းတစ်ချို့လဲ
အပိုပစ္စည်းတွေခေါင်းစဉ်အောက်မှာ အမိန့်ရတရုတ်ကြီးအိမ်မှာပြောင်းနေကုန်ကြ၏ ။ ကြာတော့ဂေါက်ကြီးလိုချင်တဲ့ရေချိန်ပြည့်ပြီ သက်ြန်ကလဲကျပြီ ။
ဂေါက်ကြီးလည်း
လည်ပြီ …..ပေါ့……..
ထုတ်လိုက်တဲ့စတိုင်
ဟန်ကိုယ့်ဖို့ပဲ သူလုပ်ချင်တဲ့အတိုင်းကိုလုပ်လာတာ….
အားလုံးအေးဆေးပဲ
သင်္ကြန်အကျလည်တယ် ဒီဝတ်စုံပဲ ။ သင်္ကြန်အကြတ်လည်တယ် ဒီဝတ်စုံပဲ ။ သူမှာဒီဝတ်စုံပဲရှိတာကိုး..
ဒါတောင်ရေတောင်မချောက်သေးဘူး ကောက်စွပ်လာတာ ။ သူများတွေသင်္ကြန်လည်ဖို့ ကားပေါ်တက်တုန်းပဲရှိသေးတယ်
ဂေါက်ကြီးတို့က ရေစိုနေပြီ ။
ဒါပေမယ့်သိတယ်မဟုတ်လား
ဂေါက်ကြီးကတော့ ရုပ်တည်ပဲ… ခပ်တည်တည်နဲ့ ဖြီးတာ အိမ်ကနေရေလောင်းခဲ့တာပေါ့ သိတဲ့သူတွေကသိတော့ရယ်တယ်
။ဂေါက်ကြီးကတော့ မျက်ခွက်ခပ်ပြောင်ပြောင်ပဲ… မုန်ဖတ်ထုတ်ရောင်တုန်းကအသံကို အသုံချပြီးတော့တောင်ကဲလိုက်သေးတယ်
။
သူမသိလိုက်တာတစ်ခုက
အဲဒီရုပ်တည်နဲ့ အဲတာကြောင့်ပဲ သူပြဿနာတက်မယ်ဆိုတာကို…။
ပျော်နေတာ…..ဂေါက်ကြီးတို့
လွှတ်ပျော်နေတာ……။
အိမ်ကအမေက
ပစ္စည်းပျောက်လို့ရှာနေတာသူမသိဘူး ဟင်းချက်ဖိုဒန်အိုးမရှိတော့တာ သူအလုပ်မဟုတ်ဘူး ခပ်တည်တည်နဲ့တောင်
ပြောခဲ့လိုက်သေးတယ်..။
“ ၀ယ်စားအမေရာ
….အိုးဆေးရသက်သာတာပေါ့…” တဲ့
အဲလိုမျိုး
သက်ြန်လည်ဖို့ မိဘကျေးဇူးဆပ်လာတဲ့ ဂေါက်ကြီး..
နှစ်ရက်လည်တဲ့အထိအဆင်ပြေသေးတယ်..သုံးရက်မြောက်တော့
ဂေါက်ကြီး ကံကြီးထိုက်ပြီ...
ရန်ဖြစ်တယ်…
ရန်ဖြစ်အောင်
ဂေါက်ကြီးကစလုပ်လိုက်တာ….
ဖြစ်ပုံက
ကားပေါ်မှာအသံစွာစွာနဲ့ မုန်ဖက်ထုတ်ရောင်းတဲ့အကျင့်ကမပျောက်တာ…. ပျော်ကလဲပျော် အတက်ကလဲအတက်ဆိုတော့
လွှတ်ပျော်တာပေါ့ ဒီတော့နဂိုဗီဇကထွက်လာတာ..
အရက်ကလဲမှုးနေတာပါတယ်…
မှုးရတဲ့အကြောင်းကသူများတိုက်တာလဲပါတယ် သိသိကြီးနဲ့ချလိုက်တာလဲပါတယ်..မသိမသာချလိုက်တာလဲပါတယ်
(သူဘာသာသူချခဲ့တာလဲပါတယ်)
ထားတော့…
မယ်လိုဒီယောင်္ကျားလို့
အော်တဲ့အထိပြသနာမဖြစ်သေးဘူး စားမှာလားမစားဘူးလားလို့ ရုပ်တည်နဲ့မေးတာကစတာ….သူကအာကျယ်အာကျယ်နဲ့မေးတော့
တစ်ဖက်ကကားတွေကသူတွေကကြားတယ် ။ ကြားတော့ မစားဘူးကွာလို့ပြောတာကိုး… ဒါကိုပဲ ဂေါက်ကြီးက
ရုပ်တည်နဲ့ စားမှာလားမစားဘူးလားလို့ထပ်မေးတာ
ကြာတော့ဟိုဘက်ကသူတွေကလဲ
သူတို့ကိုဖြဲတယ်ထင်ပြီးကားရပ်…..
ကားရပ်တော့လဲ
ပေါက်ကြီးက ရုပ်တည်နဲ့ စားမှာလားမစားဘူးလားမေးတုန်းပဲ…
သူစိတ်ထဲမှာ
ရပ်ကွက်ထဲမှာ မုန့်စိမ်းပေါင်းရောင်းသလိုပဲထင်နေတာလို့ အမူးပြေမှသူပြန်ပြောမှသိတာ….
နောက်တော့
အဲရုပ်တည်ကြောင့်ပဲ...........
တစ်ခါမှမကွဲဖူးတဲ့ပေါက်ကြီးနဖူး
ဆယ့်နှစ်ချက်ချုပ်ရတယ် သူကလဲဘိလိယက်ထိုးနေကြဆိုတော့ ဟိုဘက်ကိုချက်ကောင်းကလဲတွယ်သေးတယ်
…
နောက်တော့
တိုတိုပြောရင် ဂေါက်ကြီး သံတိုင်တွေကြားထဲရောက်သွားတယ် ။
အကျိုးဆက်က
ရော်ကြေးနှစ်သိန်းနဲ့ အာမခံပြီးထွက်လာရတယ်.. သူတို့အိမ်တိုင်လေးကတော့ အမိန့်ရ တရုတ်ကြီးဆီထပ်ရောက်သွားတာပေါ့…
ဒါပါပဲ……
ဂေါက်ကြီးမှတ်သွားတယ်….
ခုတော့…ဂေါက်ကြီး
မယ်လိုဒီကိုနှစ်ဟောင်းမှာထားရစ်ခဲ့ပြီ…. ပေါင်ထားတဲ့ မုန့်စိမ်းပေါင်းတောင်းလဲဆုံးပြီ..။
ဆုံးလဲဆုံးစေတော့ ကတုံးတစ်ခုလုံးတောင်ဖြစ်ခဲ့ပြီပဲ… ထောင်ကထွက်တော့အမေကအန္တာရယ်ကင်း
ကတုံးတုံးပေးလိုက်တာလေ ။ ဒါတောင်မှလုပ်လိုက်သေးတယ်…ကတုံးဖြစ်တော့မှ ဦးဇင်းလုပ်လိုက်တော့မယ်တဲ့
။
ပြီးတော့
မပျောက်တဲ့အကျင့်ကမပျောက်ပဲ ပျောက်တဲ့ အကျင့်ကတော့ ပျောက်သွားတယ်
မယ်လိုဒီယောင်္ကျားမဟုတ်တော့သလို
စားမှာလားမစားဘူးလားလို့လဲ ရုပ်တည်လဲမမေးတော့ဘူး ။မစားရင် မသွားဘူးဗျာ ဆိုတဲ့ ရုပ်တည်နဲ့လဲ
မပြောတော့ဘူး ။
အဲလိုဆိုတော့လဲ
ဂေါက်ကြီးဆိုတဲ့ကောင်ကသနားစရာ ။သူရုပ်တည်လေးမမြင်ရတော့ ၀မ်းနည်းမယ် ကြံကြတယ် ။ ဟာတာတာလို့
ပြောတဲ့သူကပြော ….၂၀၀ တန်လေးကိုင်လို့ စားမှာပေါ့ဗျာလို့ ပြောဖို့ ထိုင်စောင့်တဲ့သူက
နေ့ခင်းဆိုငုတ်တုပ်…
ဂေါက်ကြီးပဲ………..
ဒီအကြောင်းတွေသိတော့
ဒီတော့ ဂေါက်ကြီး ဘာလုပ်လဲ………သိပ်မကြာလိုက်ဘူး……….
ဟော………..
ဂေါက်ကြီးဆိုတဲ့သူ
လာပါပြီ………………။
“ ဟေ………..နန်းခင်ဇေယျာ
ယောင်္ကျား ရောင်းတဲ့ သရက်ပေါင်း……………ဟေ………….”
“ ဘယ်တော့ယူမှာမို့လို့လဲဗျ…”
“ မနက်ဖြန်
ယူမှာ ”
နွေရာသီရောက်ပြီလေ………ဂေါက်ကြီးတစ်ယောက်
တွန်းလှည်းလေးနဲ့………….။
နေကောင်းကင်နီ
No comments :
Post a Comment
တစုံတယောက်....တခုခုရရှိသွားပါသည်......။